အသင်းလက်မဲ့ဖြစ်နေတဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား Zven

အသင်းလက်မဲ့ဖြစ်နေတဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား Zven

Team SoloMid LoL အသင်းရဲ့ Bot Laner ကစားသမားဟောင်း Jesper “Zven” Svenningsen အနေနဲ့ သူ့အနေနဲ့ အသင်းလက်မဲ့ ဖြစ်နေတာ တစ်လခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ရာသီအတွက် အခွင့်အလမ်း အသစ်တွေကို စောင့်မျှော်နေကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Zven ရဲ့ ပြောကြားချက်များ အရ North America League of Legends Championship Series, League of Legends European Championship စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်းအချို့ အနေနဲ့ သူ့ကို ကမ်းလှမ်းလာကြောင်း သိရပါတယ်။ ဒါ့အပြင် အသင်းဟောင်း Team SoloMid ကလည်း Zven ကို အသင်းမှာ ပြန်လည် ကစားဖို့ အတွက် ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။

“ကျွန်တော် အခုချိန်ထိ TSM အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတုန်းပါပဲ။ ဒါပေမယ့် သူတို့ဘက်က ကျွန်တော့်ကို ကြိုက်တဲ့အသင်းနဲ့ ဆွေးနွေးဖို့ အတွက် လွတ်လပ်ခွင့်ကို ပေးထားပါတယ်။ ကျွန်တော့်ဘက်က အခုအချိန်မှာ ဘယ်အသင်းကို ပြောင်းရွေ့မယ် ဆိုတာကိုတော့ ကျိန်းသေပေါက် ပြောနိုင်သေးမှာ မဟုတ်ပါဘူး။ အတိအကျ သိရတဲ့ အခါကျရင်တော့ ပြောပြသွားမှာပါ” လို့ Zven ကတော့ ပြောကြားသွားခဲ့ပါတယ်။

Zven အနေနဲ့ TSM LoL အသင်းကို စွန့်ခွာတော့မှာဖြစ်ကြောင်း ကောလာဟလတွေ ထွက်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၉ ရာသီမှာ TSM အသင်းအနေနဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် Zven တစ်ယောက် စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

အသင်းကို ရောက်ရှိခဲ့စဉ် အချိန်မှာ အထိုက်အသင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဆိုးဝါးတဲ့ ရလဒ်တွေကို Zven အပါအဝင် TSM အသင်းတွေ အားလုံး ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် 2019 World Champion ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ့် ဒေသတွင်း လက်ရည်စစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ Clutch Gaming ကို (3-2) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ်ခဲ့တာကြောင့် ၂ နှစ်ဆက်တိုက် World Champion ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

၂ နှစ်ဆက်တိုက် အောင်မြင်မှု ကြီးကြီးမားမား စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် Zven အနေနဲ့ အခုလို TSM အသင်းကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။ ဥရောပ အခြေစိုက် LoL အသင်းတွေ အနေနဲ့ ၂ နှစ်ဆက်တိုက် World Champion ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် အောင်မြင်မှုတွေကို ငတ်မွတ်နေတဲ့ Zven အနေနဲ့ LEC ပြိုင်ပွဲဝင် အသင်း တစ်သင်းသင်းကို ပြောင်းရွေ့သွားဖွယ် ရှိပါတယ်။

အသင်းသစ်မှာ Zven တစ်ယောက် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဒါမှမဟုတ် TSM မှာ ကြုံတွေခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို ဆက်လက် ရင်ဆိုင်သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports