MidOne တစ်ယောက် Secret ကနေ ထွက်ခွာခဲ့ရခြင်း အကြောင်းအရင်းကို ပြောပြခဲ့တဲ့ Zai

MidOne တစ်ယောက် Secret ကနေ ထွက်ခွာခဲ့ရခြင်း အကြောင်းအရင်းကို ပြောပြခဲ့တဲ့ Zai

2018-2019 DPC ရာသီရဲ့ အဆုံးသတ် ပြိုင်ပွဲကြီးဖြစ်တဲ့ The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်မှာ Team Secret Dota 2 အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ MidOne တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

MidOne

MidOne တစ်ယောက် TI 9 ပြိုင်ပွဲကြီးမှာ ဆိုးဝါးတဲ့ ရလဒ်တွေကိုသာ ပြသနိုင်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် MidOne ရဲ့ အစ်ကိုလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်သူကတော့ MidOne တစ်ယောက် မွေးရပ်မြေဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ပြန်လည် အနားယူချင်တာကြောင့် အခုလို အသင်းကနေ နှုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Zai

Team Secret အနေနဲ့ လစ်လပ်သွားတဲ့ MidOne နေရာအတွက် TI 7 ချန်ပီယံ ကစားသမား တစ်ဦးဖြစ်သူ Matubaman ကို ခေါ်ယူကာ ပြန်လည် အားဖြည့်ခဲ့သလို လက်ရှိအချိန်အထိ Matu နဲ့အတူ DreamLeague Season 13: Leipzig Major မှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Team Secret Dota 2 အသင်းရဲ့ Offlane ကစားသမား Zai ကို MidOne ထွက်ခွာခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ရုရှား မီဒီယာ ကုမ္ပဏီ Maincast မှ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

“TI 9 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ MidOne အနေနဲ့ အားလပ်ရက် အချိန် အကြာကြီး လိုချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ Team Secret မှာ ဝင်ရောက် ကစားခဲ့တဲ့ ကာလမှာ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ခရီးပေါင်း မြောက်မြားစွာ သွားခဲ့ရကြောင်း၊ လက်ရည်စစ်ပွဲတွေ၊ အသင်းလေ့ကျင့်ရေး အစီအစဥ်တွေမှာ လာရောက် ပူးပေါင်းနိုင်ဖို့ အတွက် ဥရောပနဲ့ မ‌လေးရှားကို ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့ရတာကြောင့် ကာလရှည် အနားယူဖို့ လိုအပ်နေပြီဖြစ်ကြောင်း MidOne အနေနဲ့ တောင်းဆိုခဲ့ပါတယ်။

MidOne အနေနဲ့ တကယ်ကို ပင်ပန်းနေတာကြောင့် အခုလို အနားယူဖို့ တောင်းဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းအနေနဲ့ ကစားသမား တစ်ယောက်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် MidOne ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး Matu ကို ခေါ်လိုက်ရတာပဲ ဖြစ်ပါတယ်။”

MidOne

လက်ရှိအချိန်မှာ MidOne အနေနဲ့ အသင်းလက်မဲ့အဖြစ် တည်ရှိနေလျက်ရှိပေမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်‌ရောက် ယှဉ်ပြိုင်သွားမယ့် နှစ်ထပ်ကွမ်း TI Champion OG Dota 2 အသင်းကို ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့သလို ကိုယ်တိုင် Dota 2 အသင်းကို တည်ထောင်သွားဖွယ် ရှိတယ်လို့လည်း ကောလာဟလတွေလည်း ထွက်ပေါ်လျက် ရှိတာကြောင့် MidOne တစ်ယောက် ဘယ်လို ရှေ့ဆက်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming