vtFaded ကို အသင်းကနေ ထုတ်ပယ်ပစ်လိုက်ပြီဖြစ်တဲ့ Ehome

vtFaded ကို အသင်းကနေ ထုတ်ပယ်ပစ်လိုက်ပြီဖြစ်တဲ့ Ehome

တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Ehome အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း Lower Bracket Round 2 ပွဲစဉ်မှာ Team Liquid Dota 2 အသင်းကို (၂) ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာ လိုက်ရပြီ ဖြစ်ပါတယ်။

Ehome Dota 2 အသင်းကို 2019-2020 DPC ရာသီမှာ အောင်မြင်မှုတွေ ပြန်လည် သိမ်းပိုက်နိုင်ဖို့ အတွက် Wings Gaming အသင်းနဲ့ The International 2016 ပြိုင်ပွဲကြီးကို အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ Faith_Bian, Y (Innocence), 897, vtFaded, XinQ စတဲ့ ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် ယခုအခါမှာတော့ ပထမဆုံး ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိတဲ့ ကစားသမား တစ်ဦးကို အသင်းကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာနဲ့ ပတ်သတ်ပြီး Ehome Dota 2 အသင်းရဲ့ နည်းပြလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ xiao8 အနေနဲ့ အသင်းရဲ့ Mid ကစားသမားဖြစ်သူ 897 နဲ့ Carry ကစားသမားဖြစ်သူ vtFaded တို့ရဲ့ စွမ်းဆောင်ရည်ကို အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကနေ ထွက်ခွာရပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ အသင်းရဲ့ Carry ကစားသမားဖြစ်သူ vtFaded ကို အသင်းရဲ့ ကစားသမား စာရင်းကနေ ထုတ်ပစ်ခဲ့ပါတယ်။ အခုလို အသင်းကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သတ်ပြီး vtFaded အနေနဲ့ အခုလို ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

“ကျွန်တော် Ehome မှာ တကယ်ကို ပျော်စရာကောင်းတဲ့ အချိန်တစ်ခုကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ အသင်းရဲ့ ကစားဖော်တွေ၊ နည်းပြဖြစ်သူ Xiao8 တို့ဆီကနေ အတွေ့အကြုံအသစ်တွေ များစွာကို သင်ယူနိုင်ခဲ့သလို သူတို့တွေနဲ့ ပေါင်းသင်း ဆက်ဆံရတာ တကယ်ကို အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ 897 ကို ထိပ်သီး Dota 2 အသင်းတွေမှာ ကစားနိုင်တဲ့ အရည်အချင်း မရှိဘူး ဆိုပြီး Xiao8 ဝေဖန်ခဲ့တာနဲ့ ပတ်သတ်ပြီး ဖြေရှင်းချင်တာတွေ ရှိနေပါတယ်။

MDL Chengdu Major မှာ ကျွန်တော် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲတစ်လျှောက် အသင်းဖော်တွေ၊ နည်းပြတွေရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ Ame, Paparazzi စတဲ့ ထိပ်သီး ကစားသမားတွေလို အသင်းကို တစ်ယောက်တည်း Carry သွားနိုင်စွမ်း ကျွန်တော့်ဆီမှာ မရှိသေးပါဘူး။ အဲဒီအတွက်လည်း ကျွန်တော် စိတ်ဓာတ်ကျသွားမှာ မဟုတ်ပဲ ဆက်လက် ကြိုးစားသွားမှာပါ။

Ehome ဘက်က ကျွန်တော့်ကို အရံကစားသမား အဖြစ် အသင်းမှာ ဆက်လက် ထားရှိဖို့ ဆန္ဒရှိခဲ့ပေမယ့် ကျွန်တော့် အနေနဲ့ ဒီမှာ ဆက်လက် နေထိုင်ဖို့ အတွက် အင်အား မရှိတော့တာကြောင့် မွေးရပ်မြေဖြစ်တဲ့ မလေးရှားနိုင်ငံကို ပြန်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Ehome အသင်းရဲ့ ကစားသမား အဖြစ် တည်ရှိတော့ခြင်း မရှိပေမယ့် Ehome အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အချိန်ထိ ခေတ္တ အနားယူပြီး ကျွန်တော့် အစွမ်းအစတွေကို ပြန်လည် မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ အခုလို ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့တဲ့ အတွက်လည်း Ehome Dota 2 အသင်းကို ကျေးဇူးအများကြီး တင်ပါတယ်။”

Ehome ဘက်တော့ vtFaded နဲ့ ပတ်သတ်ပြီး တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသလို vtFaded နဲ့အတူ Xiao8 ရဲ့ အပြစ်တင် ဝေဖန်ခြင်းကို ခံယူခဲ့ရတဲ့ Mid ကစားသမား 897 ကိုလည်း အသင်းကနေ ထုတ်ပယ်ခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Carry ကစားသမား တစ်ဦးဖြစ်တဲ့ Sylar အနေနဲ့ အသင်းလက်မဲ့ အဖြစ် ကျန်ရှိနေသေးတာကြောင့် Ehome အနေနဲ့ Sylar ကို vtFaded နေရာ အစားထိုးဖို့ အတွက် ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports