အသင်းအနာဂတ်နဲ့ ပတ်သတ်ပြီး အသေအချာ စဥ်းစားရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပြီလို့ ပြောကြားသွားခဲ့တဲ့ Virtus Pro Dota 2 အသင်း ကပ္ပတိန် Solo

အသင်းအနာဂတ်နဲ့ ပတ်သတ်ပြီး အသေအချာ စဥ်းစားရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပြီလို့ ပြောကြားသွားခဲ့တဲ့ Virtus Pro Dota 2 အသင်း ကပ္ပတိန် Solo

CIS အခြေစိုက် နာမည်ကျော် Dota 2 အသင်း Virtus Pro အတွက် 2019-2020 DPC ရာသီဟာ ကံဆိုးခြင်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ 2019-2020 DPC ရာသီ အတွက် VP Dota 2 အသင်းကို ကစားသမား အသစ် သုံးဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် ပထမဆုံး Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ခြင်း မရှိခဲ့သလို ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota 2 Summit 11 ပြိုင်ပွဲကိုလည်း ဗီဇာ အခက်အခဲကြောင့် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမယ့် ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ Leipzig Major လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Virtus Pro Dota 2 အသင်း အနေနဲ့ Leipzi Major မှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့ CIS Dota 2 ချစ်ပရိသတ် အများစု အနေနဲ့ မျှော်လင့်ထားခဲ့ကြပါတယ်။

ကံဆိုးစွာနဲ့ပဲ VP Dota 2 အသင်း အနေနဲ့ Leipzig Major အုပ်စုအဆင့် ပွဲစဥ်တွေမှာ ပွဲငယ်တစ်ပွဲတောင် အနိုင်ရရှိခဲ့ခြင်း မရှိသလို ရှုံးထွက်အဆင့် ပွဲစဥ်မှာ Team Liquid Dota 2 အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Solo

အခုလို ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး Virtus Pro Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Solo ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့တွေ ပွဲစဥ်တစ်လျှောက် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးမှာ ပြန်လည် အနိုင်ရရှိမယ့် အခွင့်အရေးလေးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအခွင့်အရေးကို အမိအရ ဖမ်းဆုတ်နိုင်ခဲ့ခြင်း မရှိတဲ့အပြင် ဆိုးဝါးတဲ့ အမှားအယွင်းတွေကို ကျူးလွန်ခဲ့မိတာကြောင့် အခုလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ အသင်းအခြေအနေ၊ အသင်းသားတွေရဲ့ အခြေအနေတွေကို အစအဆုံး ပြန်လည် သုံးသပ်ဖို့ လိုအပ်လာပြီလို့ ထင်မြင်မိပါတယ်။ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်သွားသင့်တယ် ဆိုတာကိုလည်း ပြန်လည် တွေးတောဖို့ လိုအပ်လာပြီလို့ ထင်မြင်မိပါတယ်။ အခုလို ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် Virtus Pro Dota 2 အသင်းကို စိတ်ရှည်ရှည်နဲ့ ဆက်လက် အားပေးနေကြတဲ့ အတွက်လည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။”

ပြီးခဲ့တဲ့ 2018-2019 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ Virtus Pro Dota 2 အသင်း အနေနဲ့ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ဒုတိယမြောက် Major မှာလည်း ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ယခင်ရာသီနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ယခုရာသီက Virtus Pro Dota 2 အသင်း အတွက်တော့ တကယ်ကို ဆိုးရွားတဲ့ ရာသီတစ်ခုပဲ ဖြစ်ပါတယ်။

Virtus Pro Dota 2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်ပြီး နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports