ကြီးမားတဲ့ အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ ကြံစည်နေတဲ့ Virtus Pro CSGO အသင်း

ကြီးမားတဲ့ အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ ကြံစည်နေတဲ့ Virtus Pro CSGO အသင်း

Virtus Pro ဆိုတာကတော့ CSGO လောကမှာ ယခင် အချိန်တွေတုန်းက အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ CSGO အသင်းကြီး တစ်သင်းပဲ ဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းက ရွှေထီးဆောင်းနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အောင်မြင်မှုတွေ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Virtus Pro အနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ ကြံစည်လာရတာ ဖြစ်ပါတယ်။

Virtus Pro CSGO အသင်းကို လက်ရှိအချိန်ထိ ပိုလန်နိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမား အများစုနဲ့သာ ဖွဲ့စည်းခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ ပိုလန်နိုင်ငံသားတွေ ပါဝင်ခြင်း မရှိတဲ့ CSGO အသင်းကို ဖွဲ့စည်းသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Viruts Pro CSGO အသင်း အနေနဲ့ ယခင်အချိန်တုန်းက Filip “NEO” Kubski, Wkitor “TaZ” Wojtas, Janusz “Snax” Pogorzelski, Jaroslaw “PashaBiceps”Jarzabkowski, Pawel “byali” Bielinski စတဲ့ ကစားသမားတွေနဲ့ အတူ ပြိုင်ပွဲပေါင်း များစွာမှာ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ အကောင်းဆုံး CSGO အသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ကစားသမားတွေ လက်စွမ်းလက်န ကျဆင်းပြီး ကစားသမား အများစု အသင်းကနေ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ကစားသမား အပြောင်းအလဲတွေ မြောက်များစွာ ပြုလုပ်ခဲ့ပေမယ့်လည်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေရတုန်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိ ကစားသမား အားလုံးကို အသင်းကနေ ထုတ်ပယ်ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုတွေ အထိုက်အသင့် စွတ်ခူးနိုင်နေပြီဖြစ်တဲ့ AVANGAR CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ Virtus Pro CSGO အသင်း အနေနဲ့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

AVANGAR CSGO အသင်းမှာ Virtus Pro CSGO အသင်းရဲ့ ကစားသမားဟောင်း AdreN ပါဝင်သလို အခြားသော ကစားသမားတွေကလည်း အသက်အရွယ်အရ ငယ်ရွယ်ပေမယ့် ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် AVANGAR CSGO အသင်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ကျင်းပသွားခဲ့တဲ့ A-Tier ပြိုင်ပွဲအများစုမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို S-Tier StarLadder Berlin Major 2019 မှာလည်း နာမည်ကျော် အသင်းပေါင်း များစွာကို ဖြတ်ကျော်ကာ ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲ အဆင့်မှာတော့ Astralis CSGO အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

တကယ်လို့ Virtus Pro CSGO အသင်း အနေနဲ့ AVANGAR CSGO အသင်းရဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်CSGO လောကမှာ အောင်မြင်တဲ့ CSGO အသင်း အဖြစ် ပြန်လည် ရပ်တည်နိုင်မယ့် အခွင့်အရေးကို ပြန်လည် ရရှိနိုင်မှာ ဖြစ်တာကြောင့် AVANGAR CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခြင်း ရှိမရှိကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports