Invictus Gaming LoL အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Duke

Invictus Gaming LoL အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Duke

LoL 2019 World Championship ပြိုင်ပွဲကြီး မကြာသေးခင် အချိန်က ပြီးဆုံးသွားတာနဲ့အညီ အခုဆိုရင် ကစားသမား အပြောင်းအရွေ့ ရာသီ စတင်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အပြောင်းအရွေ့ ရာသီ စစချင်းမှာပဲ IG အသင်းရဲ့ Top Laner ကစားသမား Lee “Duke” Ho Seong အနေနဲ့ IG အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

Duke အနေနဲ့ IG LoL အသင်းမှာ သုံးနှစ်တာ ကစားခဲ့ပြီး LoL 2018 World Championship ပြိုင်ပွဲမှာ ပထမဆုကို IG အသင်းနဲ့အတူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို ကာလရှည် ကစားခဲ့တဲ့ IG အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းကို Duke အနေနဲ့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ IG LoL အသင်းက Duke ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ အသင်းအနေနဲ့ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ မျှော်လင့်ထားသလောက် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၁၉ ခုနှစ်အတွင်းမှာ ကျွန်တော် အပါအဝင် တစ်သင်းလုံး စွမ်းဆောင်ရည်တွေ ကျဆင်းလို့ နေခဲ့ပါတယ်။ ဒါ့အပြင် LoL 2019 World Championship ပြိုင်ပွဲမှာ အစားထိုး ကစားသမား အဖြစ်သာ ရပ်တည်ခွင့် ရခဲ့ပြီး ကိုယ်တိုင် ဝင်ရောက် ကစားခွင့် မရခဲ့တဲ့ အတွက်လည်း တကယ်ကို အားမလိုအားမရ ဖြစ်မိပါတယ်။

IG LoL အသင်းမှာ ကျွန်တော် ရှိနေခဲ့တာ အခုဆိုရင် သုံးနှစ်နီးပါးရှိလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ အသင်းကို ရောက်ခါစ အချိန်မှာ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကျွန်တော့် ခန္ဓာကိုယ် အတွင်းမှာ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ဒါပေမယ့်လည်း IG အသင်းရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေရဲ့ ဖော်ရွေမှုကြောင့် သာယာ ပျော်ရွှင်ဖွယ် ကောင်းလှတဲ့ သုံးနှစ်တာ ကာလပတ်လေးကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောချင်ပါတယ်။

ဒါ့အပြင် ကျွန်တော် အပါအဝင် IG LoL အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါတယ်။ ကျွန်တော် အနေနဲ့ ကိုရီးယားနိုင်ငံသား ဖြစ်တာနဲ့အညီ တရုတ်ဘာသာစကားကို အကျွမ်းတဝင် မရှိတာကြောင့် တရုတ်နိုင်ငံရဲ့ Social Media Website ဖြစ်တဲ့ Weibo မှာ Post တွေ သိပ်ပြီးတော့ တင်လေ့တင်ထ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော် Weibo ကိုဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို စိတ်ဓာတ်မကျဖို့ အားပေးထားတဲ့ ပရိသတ်တွေရဲ့ အားပေးစကားတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း အခုချိန်ထိ ပရိုဖက်ရှင်နယ် LoL ကစားသမားအဖြစ် ရပ်တည်နေနိုင်ခဲ့တာပါ။

အခုဆိုရင် ကျွန်တော်အတွက် အိမ်တစ်ပိုင်း ဖြစ်နေခဲ့ပြီဖြစ်တဲ့ IG LoL အသင်းကို စွန့်ခွာသွားတော့မှာ ဖြစ်ပါတယ်။ ကျွန်တော် IG အသင်းမှာ ရှိနေခဲ့တဲ့ အချိန်တွေကို အမြဲတမ်း အမှတ်ရနေမှာပါ။ IG LoL အသင်းကိုလည်း အခုထက် ပိုပြီးအောင်မြင်မှုတွေ စွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

Duke အနေနဲ့ IG အသင်းကို မရောက်ခင် အချိန်တုန်းက SK Telecom T1 အသင်းနဲ့အတူ LoL World Championship ဆုဖလားကို စွတ်ခူးနိုင်ခဲ့ပြီး IG အသင်းနဲ့လည်း World Championship ဆုဖလားကို စွတ်ခူးနိုင်ခဲ့တာကြောင့် မတူညီတဲ့ အသင်းနှစ်ခုနဲ့ World Championship ဆုဖလားကို ပိုင်ဆိုင်နိုင်တဲ့ ပထမဆုံး LoL ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် (၂၄) နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် Duke တစ်ယောက် စစ်မှုထမ်းဖို့ အတွက် ကိုရီးယားနိုင်ငံကိုပဲ ပြန်မလား ဒါမှမဟုတ် ကစားသမားဘဝမှာပဲ ဆက်လက်ရှိနေမလား ဒါမှမဟုတ် နည်းပြဘဝကိုပဲ ကူးပြောင်းသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

REF: VpEsports