ရပ်တန့်လို့ မရနိုင်တဲ့ နိုင်ပွဲတွေနဲ့အတူ MDL Chengdu Major မှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း TNC Predator

ရပ်တန့်လို့ မရနိုင်တဲ့ နိုင်ပွဲတွေနဲ့အတူ MDL Chengdu Major မှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း TNC Predator

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကြီးလည်း ပြီးဆုံးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Grand Final ပွဲစဉ်ကို Vici Gaming vs TNC Predator အနေနဲ့ Best of 5 Format ဖြင့် ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းကတော့ MDL Chengdu Major ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

TNC Predator အနေနဲ့ Upper Bracket Final ပွဲစဉ်မှာ Vici Gaming နဲ့ တွေ့ဆုံခဲ့ပြီး ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပါတယ်။ Lower Bracket Final ပွဲစဉ်မှာ တရုတ်နိုင်ငံတွင်း အင်အားကြီး Dota 2 အသင်းတစ်ခုလည်းဖြစ်၊ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ဖြစ်တဲ့ Dota Summit 11 Minor ချန်ပီယံလည်းဖြစ်တဲ့ Invictus Gaming နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final မှာ အသင့် စောင့်ဆိုင်းနေတဲ့ Vici Gaming ကို ပြန်လည် လက်စားချေနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။

Grand Final ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ပထမဆုံး ပွဲစဉ်မှာ TNC အနေနဲ့ Vici Gaming ကို ပွဲစဉ် စတင်စဉ် အချိန်က စတင်ပြီး အမှားအယွင်းမရှိ ထိန်းချုပ် ကစားသွားနိုင်ခဲ့တာကြောင့် မိနစ် ၃၀ ခန့်မှာပဲ Vici Gaming ကို သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ပွဲစဉ်မှာလည်း TNC Dota 2 အသင်းရဲ့ Signature တွဲလုံး တစ်ခုဖြစ်တဲ့ ES + Morph Combo ကို အသုံးပြုပြီး Vici Gaming ကို မိနစ် ၃၀ ခန့်မှာ ထပ်မံ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲစဉ် နှစ်ပွဲဆက် အနိုင်ရရှိထားတဲ့ TNC အနေနဲ့ တတိယမြောက် ပွဲစဉ်မှာ ပြိုင်ပွဲကို အဆုံးသတ်ဖို့ အတွက် ရည်ရွယ်ပြီး လူကြိုက်အများဆုံး တွဲလုံး တစ်ခုဖြစ်တဲ့ Chen + Alchemist Combo ကို အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် Vici Gaming အနေနဲ့ တုန်လှုပ်သွားခြင်း မရှိခဲ့ပဲ ပွဲစဉ်ကို အကောင်းဆုံး ထိန်းကစားသွားခဲ့ကာ မိနစ် ၃၇ မိနစ်ခန့်မှာ TNC ကို ပြန်လည် အနိုင်ယူပြီး (၂-၁) ဆိုတဲ့ ရလဒ်ကို ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စတုတ္ထမြောက် ပွဲစဉ်မှာတော့ TNC Dota 2 အသင်းအနေနဲ့ ES + Morph Combo ကို အသုံးပြုပြီး ပွဲသိမ်းဖို့ ကြံရွယ်ထားပေမယ့် မိနစ် ၃၀ ခန့်အထိ Vici Gaming ရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး Gold Advantage 30K ကွာတဲ့အထိ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွဲစဉ် အချိန်ကြာလာတာနဲ့အမျှ TNC Gaming ရဲ့ ဖိအားပေးမှုတွေကို Vici Gaming အနေနဲ့ ပြန်လည် ခံယူခဲ့ရပြီး ပွဲချိန် ၆၃ မိနစ်မှာ TNC ရဲ့ ဖိအားပေးမှုတွေကို ခံယူနိုင်ခြင်း မရှိတော့ပဲ အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် MDL Chengdu Major ရဲ့ ဗိုလ်လုပွဲစဉ်မှာ TNC Predator Dota 2 အသင်းအနေနဲ့ Vici Gaming ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ MDL Chengdu Major မှာ အနိုင်ယူ ဗိုလ်စွဲခဲ့တာကြောင့် TNC အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၃ သိန်းနဲ့ အတူ DPC Points ၄၈၅၀ ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

TNC Predator Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီ မစတင်ခင် အချိန်မှာ အသင်းရဲ့ ကစားသမား နှစ်ဦးဖြစ်တဲ့ KuKu နဲ့ Eyyou တို့ကို အသင်းကနေ အနားပေးခဲ့ပြီး နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Kpii, March တို့ကို ခေါ်ယူပြီး အသင်း အင်အားကို ပြန်လည် ဖြည့်တင်းခဲ့ပါတယ်။

ကစားသမား အသစ်နှစ်ဦးကို ထပ်မံ ခေါ်ယူပြီးစဉ် အချိန်က စတင်ပြီး TNC Predator Dota 2 အသင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် TNC Predator Dota 2 အသင်း အနေနဲ့ Valve က ကြီးမှူးကျင်းပတဲ့ Major ပြိုင်ပွဲမှာ ပထမဆုံး အနိုင်ယူ ဗိုလ်စွဲနိုင်တဲ့ SEA အခြေစိုက် Dota 2 အသင်း အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် နောင်ကျင်းပသွားမယ့် Major/ Minor ပြိုင်ပွဲတွေမှာလည်း TNC Predator Dota 2 အသင်း အနေနဲ့ လက်ရှိ အချိန်မှာ ပြသနိုင်န‌ေတဲ့ စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းထားနိုင်ပြီး အောင်မြင်မှုတွေကို ဆက်လက် ရယူနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports