March နဲ့အတူတွဲကစားရတဲ့ ခံစားချက်ကို ဖွင့်ဟပြောကြားလိုက်တဲ့ Tims

March နဲ့အတူတွဲကစားရတဲ့ ခံစားချက်ကို ဖွင့်ဟပြောကြားလိုက်တဲ့ Tims

ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ TNC Predator အနေနဲ့ 2019-2020 DPC ရာသီမှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ယခင်ကစားသမားနှစ်ဦးဖြစ်တဲ့ Offlane ကစားသမား Kuku နဲ့ Support (Pos 5) ကစားသမား Eyyou တို့ကို အသင်းကနေ ထုတ်ပယ်ကာ ဩစတေးလျနိုင်ငံသား၊ ယခင် Mineski Dota 2 အသင်းရဲ့ Offlane ကစားသမား Kpii နဲ့ ကိုရီးယားနိုင်ငံသား၊ ယခင် J.Storm အသင်းရဲ့ Support (Pos 5) ကစားသမား March တို့ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။

အသစ်ခေါ်ယူလိုက်တဲ့ ကစားသမား နှစ်ဦးစလုံးဟာ အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်တာနဲ့အညီ အသင်းသစ် TNC မှာ အလျင်အမြန် အထိုင်ကျခဲ့ပြီး 2019-2020 DPC ရာသီရဲ့ ပထမဆုံး မေဂျာဖြစ်တဲ့ MDL Chengdu Major မှာပါဝင် ဆင်နွဲခွင့်ကို သိမ်းပိုက်နိုင်ခဲ့သလို မကြာသေးခင် အချိန်က ကျင်းပသွားတဲ့ ESL One Hamburg 2019 မှာလည်း ပထမဆုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

TNC Predator အသင်းရဲ့ Support (Pos 4) ကစားသမား Tims အနေနဲ့လည်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ကစားသမား အသစ်နှစ်ဦးရဲ့ အကျိုးသက်ရောက်မှုကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

” ကျွန်တော်တို့ရဲ့ အသင်းကို ကစားသမား အသစ်နှစ်ဦးဖြစ်တဲ့ Kpii နဲ့ March တို့စတင်ရောက်ရှိလာတဲ့ အချိန်ကစတင်ပြီး အခြားသော Dota 2 အသင်းတွေနဲ့ Practice Match တွေမရေမတွက်နိုင်အောင် ကစားခဲ့ကြပါတယ်။ ကစားခဲ့တဲ့ Practice Match အများစုကိုလည်း အနိုင်ရလဒ်ဖြင့် အဆုံးသတ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း MDL Chengu Major လက်ရည်စစ်ပွဲနဲ့ ESL One Hamburg 2019 တို့မှာ အခုလို အောင်မြင်မှုတွေကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Kpii နဲ့ March တို့နှစ်ယောက်က အတွေ့အကြုံရင့် ကစားသမားတွေဖြစ်တာနဲ့အညီ ကျွန်တော်တို့ အသင်းအတွက်၊ ကစားသမားတွေအတွက် အတွေးအခေါ်အသစ်တွေ များစွာကို ချပြနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းသားတွေ အားလုံး အနေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျေနပ်နှစ်သိမ့်နေကြပြီး နောက်ကြုံတွေ့ရမယ့် အခက်အခဲတွေ အားလုံးကိုလည်း အတူတကွ ရင်ဆိုင်သွားနိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားကြပါတယ်။ ”

ဒါ့အပြင် Captain အသစ် March နဲ့ကစားရတာ ဆိုရင်လည်း နည်းပြတစ်ယောက်နဲ့ အတူတကွ ယှဉ်တွဲကစားနေရသလို ခံစားမှုမျိုးကို ပေးစွမ်းနိုင်တယ်လို့ March နဲ့ ပတ်သတ်ပြီး Tims အနေနဲ့ အထူးတလည် ချီးမွမ်းသွားခဲ့ပါတယ်။ March အနေနဲ့ Dota 2 လောကထဲကို (၂၀၁၃) ခုနှစ်မှာ ခြေစုံပစ် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံ အခြေစိုက်အသင်း MVP.Phoenix နဲ့အတူ အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ (၂၀၁၆) ခုနှစ်မှာတော့ ကိုရီးယားနိုင်ငံရဲ့ ဥပဒေအတိုင်း စစ်မှုထမ်းဖို့အတွက် ပရိုဖက်ရှင်နယ် Dota 2 လောကကနေ ခေတ္တအနားယူသွားခဲ့ပါတယ်။ စစ်မှုထမ်းကာလ ပြီးဆုံးသွားတဲ့ (၂၀၁၈) ခုနှစ်မှာတော့ March အနေနဲ့ Echo International, Wind and Rain စတဲ့ Dota 2 အသင်းတွေမှာ နည်းပြအဖြစ်နဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကထဲကို တစ်ဖန် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။

The International (2018) ပြီးဆုံးသွားချိန်မှာတော့ ပရိုဖက်ရှင်နယ် ကစားသမား ဘဝကို ပြန်လည်ခံယူခဲ့ပြီး March Out Of Army, J.Storm, Team Jinesbrus စတဲ့အသင်းတွေမှာ Support (Pos 5) ကစားသမား တစ်ဦးအဖြစ် ပြန်လည် ကစားခဲ့ပါတယ်။

ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ အချိန်ကစတင်ပြီး အောင်မြင်မှု ကြီးကြီးမားမားတွေကို March တစ်ယောက် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးတာကြောင့် 2019-2020 DPC ရာသီမှာ TNC အသင်းနဲ့အတူ ဘယ်လို အောင်မြင်မှုတွေ သိမ်းပိုက်သွားမယ် ဆိုတာကို ရင်ခုန်စွာနဲ့ ဆက်လက် ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

REF:Liquipedia, Vpesports