၂၀၁၉ ခုနှစ်အတွင်း CSGO လောကကို ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်းများ

၂၀၁၉ ခုနှစ်အတွင်း CSGO လောကကို ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်းများ

အခုဆိုရင် ၂၀၁၉ ကုန်ဆုံးလို့ ၂၀၂၀ ကို ရောက်ရှိရန် ရက်ပိုင်းခန့်သာ လိုတော့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ CSGO လောကအတွက်တော့ ကံကောင်းခြင်းတွေ ယူဆောင်လာခဲ့တဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်လို့ ရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း CSGO ပြိုင်ပွဲပေါင်း များစွာကို ကျင်းပခဲ့သလို ပရိုဖက်ရှင်နယ် CSGO အသင်း Astrails အနေနဲ့လည်း CSGO Major သုံးခုဆက်တိုက် အနိုင်ယူနိုင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် CSGO လောကရဲ့ အကြီးမားဆုံး အပြောင်းအရွေ့တွေ ၂၀၁၉ ခုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့သလို CSGO လောကထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်းတွေ၊ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်းတွေလည်း ၂၀၁၉ ခုနှစ် အတွင်းမှာ ပေါ်ပေါက်လို့ လာခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း CSGO လောကကို ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

1.      Evil Geniuses

Evil Geniuses အတွက်တော့ Counter Strike လောကဟာ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ EG အနေနဲ့ CS 1.6 လောကမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ကျင်လည်ခဲ့သလို အောင်မြင်မှု အချို့ကိုလည်း စွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် EG အနေနဲ့ ၂၀၁၅ ခုနှစ်မှာ CSGO လောကအတွင်းကို ပြန်လည် ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း EG CSGO အသင်းမှာ ဝင်ရောက် ကစားရန် ခေါ်ယူသွားမယ့် GX CSGO အသင်းရဲ့ ကစားသမားတွေကို လုပ်ပွဲကစားမှုဖြင့် Valve ပြိုင်ပွဲတွေမှာ တစ်သက်တာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်သိမ်းခံလိုက်ရတာကြောင့် Counter Strike လောကအတွင်း ပြန်လည် ဝင်ရောက်မယ့် ရည်မှန်းချက်လည်း ပျက်သုန်းခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ NRG Esports အဖွဲ့အစည်းရဲ့ CSGO ကစားသမားတွေကို ခေါ်ယူပြီး EG CSGO အသင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် EG CSGO အသင်း အနေနဲ့ စတင် ဖွဲ့စည်းပြီး သိပ်မကြာခင် အချိန်အတွင်း ကျင်းပခဲ့တဲ့ ESL One: New York 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို လက်ရှိအချိန်မှာလည်း ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်လျက် ရှိပါတယ်။

2.      100 Thieves

မြောက်အမေရိက Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ 100 Thieves အနေနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ Immortals CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူပြီး CSGO လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေရဲ့ အပြောအဆို မတတ်မှုတွေကြောင့် CSGO ပရိသတ်တွေ၊ နာမည်ကျော် CSGO Analyst တစ်ဦးဖြစ်သူ Thorin တို့ အကြားမှာ ပြဿနာတွေ ပေါ်ပေါက်ခဲ့ပြီး ပွဲစဉ် တစ်ပွဲမှ မကစားရသေးခင် အချိန်မှာပဲ အသင်းကို ပြန်လည် ဖျက်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း 100 Thieves Esports အဖွဲ့အစည်း အနေနဲ့ လက်လျော့သွားခြင်း မရှိဘဲ ၂၀၁၉ ခုနှစ် အတွင်းမှာ Renegades CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူပြီး CSGO လောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ 100 Thieves CSGO အသင်း အနေနဲ့ ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်လျက် ရှိပါတယ်။

3.      OG CSGO

TI နှစ်ထပ်ကွမ်း ချန်ပီယံ OG Esports အဖွဲ့အစည်း အနေနဲ့ CSGO လောက အထဲကို ဝင်ရောက်လာဖွယ်ရှိကြောင်း ကောလာဟလတွေ ထွက်ပေါ်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ OG Esports အဖွဲ့အစည်း အနေနဲ့ OG CSGO အသင်းကို မိတ်ဆက်သွားခဲ့ပါတယ်။ OG CSGO အသင်းမှာ နာမည်ကျော် CSGO ကစားသမားပေါင်း များစွာ ပါဝင်ပေမယ့် လက်ရှိအချိန်မှာ အသင်းကို ဖွဲ့စည်းထားတာ အချိန်အနည်းငယ်သာ ရှိသေးတာကြောင့် ထိုက်သင့်တဲ့‌ အောင်မြင်မှုတွေကိုတော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။

4.      Team Secret

Team Secret အနေနဲ့ ၂၀၁၆ ခုနှစ်မှာ အမျိုးသမီး CSGO အသင်းနဲ့အတူ CSGO လောကအတွင်းကို စတင် ဝင်ရောက်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။ ယခုအခါမှာတော့ အမျိုးသား CSGO အသင်းနဲ့အတူ CSGO လောကကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အခြားသော Esports အဖွဲ့အစည်းတွေ အနေနဲ့ CSGO လောကကို စတင် ဝင်ရောက်စဉ် အချိန်မှာ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူလေ့ ရှိကြပေမယ့်လည်း Team Secret ကတော့ Tier-One ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖူးခြင်း မရှိသေးတဲ့ လူငယ်ကစားသမားတွေကိုသာ ခေါ်ယူခဲ့ပါတယ်။

လက်ရှိအချိန်မှာ Team Secret CSGO အသင်း အနေနဲ့ ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသေးတာကြောင့် အပြင်းအထန် လေ့ကျင့်ရေးတွေ လုပ်ဆောင်ပြီးမှသာ ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

5.      Gen.G Esports

ဒီဇင်ဘာလ အစောပိုင်း ကာလမှာ Gen.G Esports အဖွဲ့အစည်း အနေနဲ့ Cloud 9 CSGO အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Autimatic, Daps, Koosta တို့ကို ခေါ်ယူခြင်းနဲ့အတူ CSGO လောကထဲကို ဝင်ရောက်လို့ လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Team Envy CSGO အသင်းရဲ့ ကစားသမားဖြစ်သူ s0m, Tyloo CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ BnTeT တို့ကို ထပ်မံ‌ ခေါ်ယူခဲ့ပါတယ်။

လက်ရှိအချိန်မှာ Gen.G Esports အနေနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသေးတာကြောင့် ၂၀၂၀ ခုနှစ် အတွင်းမှာ ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming