တက်သစ်စ ကစားသမားတွေနဲ့အတူ CSGO လောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Team Secret

တက်သစ်စ ကစားသမားတွေနဲ့အတူ CSGO လောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Team Secret

Team Secret ဆိုတာကတော့ Dota 2 လောကမှာ မသိသူ မရှိတဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ မကြာသေးမီ အချိန်က Team Secret အနေနဲ့ CSGO လောကထဲကို တစ်ဖန် ပြန်လည် ဝင်ရောက် လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ Team Secret Esports အဖွဲ့အစည်း အနေနဲ့ တက်သစ်စ ကစားသမားတွေနဲ့အတူ CSGO လောကထဲကို တစ်ဖန် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Team Secret CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေကတော့ m1x CSGO အသင်းရဲ့ အသင်းသားတွေပဲ ဖြစ်ပါတယ်။ m1x ဆိုတာကတော့ ဥရောပ ဒေသတွင်း လူငယ် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ CSGO အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။

Tudson

လူငယ်လူရွယ်များနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့်လည်း ဝင်ရောက် ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ပေါ့ပျက်ပျက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ခဲ့တာကြောင့် အခုလို နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Team Secret ကိုယ်စားပြု CSGO အသင်းအဖြစ် ကစားပေးဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

m1x CSGO အသင်းကို‌ ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Team Secret Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ John Yao ကတော့ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“CSGO လောကထဲကို ပြန်လည် ဝင်ရောက်ဖို့ အတွက် လေ့လာ ဆန်းစစ်နေခဲ့တာ ကျွန်တော်တို့ လေ့လာ ဆန်းစစ်နေခဲ့တာ ၆ လခန့် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ m1x အသင်းကို လူငယ်လူရွယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ကစားသမားတိုင်းမှာလည်း ထူးခြားချက် ကိုယ်စီ ရှိနေခဲ့တာကြောင့် အခုလို အသင်း ကိုယ်စားပြု ကစားပေးဖို့ အတွက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ Team Secret CSGO အသင်းရဲ့ ကစားသမားသစ်တွေကို အစွမ်းကုန် အထောက်အပံ့တွေ ပေးသွားမှာ ဖြစ်သလို ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်လည်း အကူအညီတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။”

Anarkez

Team Secret CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Flatron “Juanflatroo” Halimi
  • Filip “tudsoN” Tudev
  • Rigon “rigoN” Gashi
  • Dionis “sinnopsyy” Budeci
  • Guy “anarkez” Trachtman

Team Secret Esports အဖွဲ့အစည်း အနေနဲ့ CSGO လောကထဲကို ပထမအကြိမ် ဝင်ရောက်ခဲ့စဉ် အချိန်က အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို Dota 2 လောကမှာလည်း Team Secret Dota 2 အသင်း အနေနဲ့ များစွာသော အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တာကြောင့် CSGO လောကကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာတဲ့ အချိန်မှာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports