Arena of Valor International Championship 2019 ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Flash

Arena of Valor International Championship 2019 ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Flash

Arena of Valor International Championship (AIC) 2019 ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် အသင်း (၁၂) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅) သိန်းခန့် ချီးမြှင့်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် AOV အသင်း တစ်သင်းဖြစ်တဲ့ Team Flash အနေနဲ့ ၂၀၁၉ AOV ရာသီမှာ များစွာသော အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့သလို ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ Aerna of Valor World Cup ပြိုင်ပွဲကြီးမှာလည်း အနိုင်ရ ဗိုလ်စွဲခဲ့ကာ ဆုကြေးငွေ ဒေါ်လာ ၂ သိန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံ အတွင်း အကြီးမားဆုံး AOV ပြိုင်ပွဲတွေဖြစ်တဲ့ Arena of Glory Spring နဲ့ Arena of Glory Winter စတဲ့ ပြိုင်ပွဲကြီး နှစ်ခုလုံးမှာလည်း ပထမဆုကို စွတ်ခူးနိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေငွေး ဒေါ်လာ ၇ သောင်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို ပြိုင်ပွဲစုံမှာ အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် Team Flash အနေနဲ့ AIC 2019 ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲနိုင်မယ့် အသင်းအဖြစ် ထိပ်ဆုံး နေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ အသင်းကြီး တစ်ခုဖြစ်တာနဲ့အညီ အုပ်စု အဆင့် ပွဲစဉ်များမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ဖြင့် အုပ်စု ဒုတိယနေရာကို ရယူကာ Quarterfinals အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Quarterfinal ပွဲစဉ်မှာ ahq e-Sports Club ကို (4 – 2) ၊ Semifinal ပွဲစဉ်မှာ ဒေသတွင်း ပြိုင်ဘက် အသင်းဖြစ်တဲ့ HTVC IGP Gaming ကို (4 – 1) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်မှာ အုပ်စုတွင်း ပြိုင်ဘက်လည်းဖြစ်၊ AIC 2019 ပြိုင်ပွဲကြီးမှာ Team Flash နည်းတူ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အသင်း တစ်သင်းလည်းဖြစ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် Buriram United Esports နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပါတယ်။

AIC 2019 ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်ကို Best of 7 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Team Flash အနေနဲ့ Buriram United Esports အသင်းကို (4 – 1) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် AIC 2019 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို စွတ်ခူးနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၂ သိန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို AIC 2019 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Team Flash အနေနဲ့ တစ်နှစ်အတွင်း ပြိုင်ပွဲကြီး (၄) ခုမှာ အနိုင်ရခဲ့တဲ့ AOV အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Team Flash ရဲ့ Jungle ကစားသမား တစ်ဦးဖြစ်သူ ADC အနေနဲ့ AIC 2019 ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာကြောင့် အပိုဆုကြေးငွေ ဒေါ်လာ ၁ သောင်းကိုလည်း ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

REF: AfkGaming