Secret အနေနဲ့ OG ကို ၁၀ ပွဲမှာ ၉ ပွဲ အနိုင်ယူနိုင်ကြောင်း ခနဲ့သွားခဲ့တဲ့ Lil

Secret အနေနဲ့ OG ကို ၁၀ ပွဲမှာ ၉ ပွဲ အနိုင်ယူနိုင်ကြောင်း ခနဲ့သွားခဲ့တဲ့ Lil

Virtus Pro Dota 2 အသင်းနဲ့အတူ အောင်မြင်မှု များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Ilya “Lil” Ilyuk အနေနဲ့ VP ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာ အသင်းပေါင်း မြောက်များစွာမှာ ပြောင်းရွေ့ ကစားခဲ့ပေမယ့် အောင်မြင်မှု မယ်မယ်ရရကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဆုဖလားတွေနဲ့ ဝေးကွားနေခဲ့ပေမယ့်လည်း Lil အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ၊ VK ကနေ တစ်ဆင့် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အများစုကိုတော့ အားရင်အားသလို လှောင်ပြောင် ပျက်ရယ်ပြုမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

Lil

OG Dota 2 အသင်း အနေနဲ့ Saksa ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Lil အနေနဲ့ Leaderboard ရဲ့ ထိပ်ဆုံး သုံးနေရာကို အကောင့် သုံးခုဖြင့် ရယူနိုင်ခဲ့တာ ထူးဆန်တဲ့ ကိစ္စမဟုတ်ကြောင်း၊ အရေးပါတယ်လို့လည်း မထင်မိကြောင်း လှောင်ပြောင် ပြောဆိုသွားခဲ့ပါတယ်။

အခုလို Lil ရဲ့ ပျက်ရယ်ပြုမှုကို OG Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Notail အနေနဲ့ Saksa မှာ အရည်အချင်း ပြည့်ဝတာကြောင့်သာ အခုလို Leaderboard ရဲ့ ထိပ်ဆုံး သုံးနေရာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ပြန်လည် ကာကွယ် ပြောဆိုပေးခဲ့ပါတယ်။

Saksa အပေါ် လှောင်ပြောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Lil တစ်ယောက် အပြစ်တင် ဝေဖန်မှုပေါင်း များစွာ ခံယူခဲ့ရတာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာပဲ အဆိုပါပို့စ်ကို ပြန်လည် ဖျက်ချပစ်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်များ အပြီး သိပ်မကြာခင် အချိန်အတွင်းမှာ ယှဥ်ပြိုင်ခဲ့ရတဲ့ ESL One LA Major ဥရောပ ဒေသတွင်း လက်ရည်စစ်ပွဲမှာ Lil ပါဝင်တဲ့ Aggressive Mode အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို Playoff အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoff အဆင့်မှာ OG Dota 2 အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး Lil တို့ တစ်သိုက် အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် Aggressive Mode အနေနဲ့ OG Dota 2 အသင်းကို ရှုံးနိမ့်ခဲ့သလို 3rdPlace Match မှာလည်း Nip Dota 2 အသင်းကို ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် StarLadder ImbaTV Dota 2 Minor Season 3 ဥရောပ လက်ရည်စစ်ပွဲကို သက်ဆင်းပေးခဲ့ရပါတယ်။

အခုလို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ Lil အနေနဲ့ OG နဲ့ Secret တို့ကို ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းများ အဖြစ် ချီးမွမ်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း OG Dota 2 အသင်းရဲ့ ကစားပုံဟာ ခန့်မှန်းရ လွယ်ကူကြောင်း၊ သူတို့အနေနဲ့ Skill ပိုင်း ကွာခြားမှုကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း၊ OG အနေနဲ့ Secret နဲ့သာ ယှဥ်ပြိုင်ကစားခဲ့ရမယ်ဆိုရင် ၁၀ ပွဲမှာ ၉ ပွဲ ရှုံးနိမ့်မှာ သေချာကြောင်း လှောင်ပြောင်သွားခဲ့ပါသေးတယ်။

Lil အနေနဲ့ ပင်ကိုယ် အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် အခြားသော ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေ၊ တစ်ခါတရံမှာ အသင်းဖော်တွေကို လှောင်ပြောင် ပြောဆိုမှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိတာကြောင့် Dota 2 စင်မြင့်ထက်မှာ ထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်း မရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Lil တစ်ယောက် စရိုက်ဆိုးတွေကို ပြန်လည် ပြင်ဆင်နိုင်ပြီး ယခင်အချိန်တွေတုန်းကလို အကောင်းဆုံး Pos 4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ပြန်လည် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpGame, AfkGaming