VP ကနေနှုတ်ထွက်မိတဲ့အတွက် နောင်တမရကြောင်း ပြောသွားခဲ့တဲ့ Ramzes

VP ကနေနှုတ်ထွက်မိတဲ့အတွက် နောင်တမရကြောင်း ပြောသွားခဲ့တဲ့ Ramzes

Professional Dota 2 ကစားသမား တစ်ဦးဖြစ်သူ Ramzes အနေနဲ့ CIS ဒေသတွင်း အင်အားကြီး Dota 2 အသင်းတစ်ခုဖြစ်တဲ့ Virtus Pro Dota 2 အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင် ရောက်ရှိခဲ့ပါတယ်။ VP Dota 2 ကို ရောက်ရှိခဲ့စဉ်အချိန်ကတည်းက Ramzes အနေနဲ့ အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် Dota 2 လောကရဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲဖြစ်တဲ့ The International ပြိုင်ပွဲမှာတော့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။

The International 9 ပြီးဆုံးချိန်မှာ Ramzes တစ်ယောက် အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၉-၂၀၂၀ DPC ရာသီ စတင်ချိန်မှာ Ramzes အနေနဲ့ မြောက်အမေရိက အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Evil Geniuses Dota 2 အသင်းဆီကို ပြောင်းရွေ့လို့ သွားခဲ့ပါတယ်။

Ramzes အနေနဲ့ အသင်းပြောင်းရွေ့ခဲ့ရုံ သာမကပဲ Position ပြောင်းလဲ ကစားဖို့ပါ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အခုလို EG အသင်းကို ပြောင်းရွေ့ကစားခြင်းနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ်။

ကျွန်တော့်ကို EG မှာ ကစားဖို့ အတွက် ပထမဆုံး ခေါ်ခဲ့သူကတော့ EG အသင်းရဲ့ နည်းပြလည်းဖြစ်၊ အကြံပေးတစ်ဦးလည်းဖြစ်တဲ့ Bulba ပဲဖြစ်ပါတယ်။ EG အသင်းမှာ လာရောက် ကစားဖို့အတွက် သူကျွန်တော့်ကို TI 9 ပြိုင်ပွဲကြီး ကျင်းပနေစဉ် အချိန်မှာ လာရောက် ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် TI 9 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ Evil Geniuses Dota 2 အသင်းကို ပြောင်းရွေ့ပစ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းသစ်ကို ရောက်ရှိလာချိန်မှာ Offlane Position ကို ပြောင်းရွေ့ကစားရတာဟာ Ramzes အတွက်တော့ ပြဿနာ တစ်ခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းနဲ့ ဆက်သွယ်ရာမှာ အင်္ဂလိပ်စာ အားနည်းခြင်းက Ramzes အတွက် ပြဿနာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် Ramzes တစ်ယောက် အင်္ဂလိပ်စာ သင်ခန်းစာတွေကို စတင် သင်ယူနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် EG Dota 2 အသင်းရဲ့ Carry ကစားသမား Arteezy အနေနဲ့လည်း Ramzes တစ်ယောက် အခက်အခဲမရှိ အင်္ဂလိပ်စာကို သင်ယူနိုင်ဖို့အတွက် များစွာသော အကူအညီတွေကို ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် Ramzes အနေနဲ့ VP Dota 2 အသင်းကနေ ထွက်ခွာခဲ့မိတဲ့ အတွက် နောင်တမရကြောင်း၊ လက်ရှိအချိန်ထိလည်း အသင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ဖြေကြားသွားခဲ့ပါတယ်။

အခုဆိုရင် Ramzes အနေနဲ့ အသင်းသစ်နဲ့အတူ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပြီ ဖြစ်သလို စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမယ့် One Esports Dota 2 World Pro Invitational ပွဲစဉ်မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိထားပြီ ဖြစ်တာကြောင့် အသင်းသစ်နဲ့အတူ Ramzes တစ်ယောက် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports