Cheater တွေကို အပြတ် ချေမှုန်းမယ့် Project: Ban Pan စီမံကိန်းကို မိတ်ဆက် ပေးလိုက်ပြီဖြစ်တဲ့ PUBG Mobile

Cheater တွေကို အပြတ် ချေမှုန်းမယ့် Project: Ban Pan စီမံကိန်းကို မိတ်ဆက် ပေးလိုက်ပြီဖြစ်တဲ့ PUBG Mobile

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်၊ Putra World Trade Centre မှာ ကျင်းပလျက်ရှိတဲ့ PUBG Mobile Club Open – Fall Split Global Finals ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲမှာ PUBG Mobile ဂိမ်းရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Vincent Wang အနေနဲ့ PUBG Mobile ဂိမ်းမှာ အသစ် ထပ်မံ တာဝန် ပါဝင်လာမယ့် Features အသစ် သုံးမျိုးကို တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

PUBG Mobile ကို ကစားရာမှာ စိတ်အနှောင့်အယှက်ကို ဖြစ်ပွားစေတဲ့ အဓိက အချက်တော့ Hacker တွေ၊ Cheater တွေနဲ့ ရင်ဆိုင်ရခြင်းပဲ ဖြစ်ပါတယ်။ PUBG Mobile ဂိမ်းကို ထုတ်လုပ်သူတွေ အနေနဲ့ Cheater/ Hacker တွေကို အပြတ် ချေမှုန်းနိုင်ဖို့ အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ခြင်း မရှိသေးပါဘူး။

ယခုအခါမှာ ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Project: Ban Pan စီမံကိန်းမှာတော့ ကစားသူတွေရဲ့ အကူအညီကိုပါ ရယူပြီး Cheater တွေကို ရှင်းလင်း ဖယ်ရှားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Project: Ban Pan မှာ PUBG Mobile ဂိမ်းရဲ့ လုံခြုံရေး စနစ်ကို ထပ်မံ မြှင့်တင်ပေးလိုက်တဲ့ အပြင် ကစားနေစဉ် အချိန်အတွင်း Cheater/ Hacker လို့ သံသယရှိသူ တစ်ဦးဦးနဲ့ ရင်ဆိုင်လိုက်ရတာနဲ့ အလွယ်တကူ Report တင်နိုင်မယ့် Feature တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။

Project: Ban Pan

Project: Ban Pan နဲ့ အတူ နောက်ထပ် မိတ်ဆက်ပေးလိုက်တဲ့ Feature အသစ်တစ်ခုကတော့ Colorblind Mode ပဲ ဖြစ်ပါတယ်။ Colorblind Mode ဆိုတာကတော့ အမြင်အာရုံပိုင်းမှာ အားနည်းချက်တွေ ရှိနေသူတွေ PUBG Mobile ဂိမ်းကို ကစားရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Feature တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Colorblind Mode Update ထုတ်ဝေပေးသွားမယ့် နေ့ရက်ကို အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် 2020 အစောပိုင်း ကာလမှာ မြင်တွေ့ရဖွယ် ရှိပါတယ်။

ColorBlind Mode

Project: Ban Pan, Colorblind Mode စတဲ့ Feature တွေနဲ့အတူ ထပ်မံ မိတ်ဆက်ပေးသွားတဲ့ Feature အသစ်တစ်မျိုးကတော့ Rage Gear ပဲ ဖြစ်ပါတယ်။ Rage Gear ဆိုတာကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Death Race ဇာတ်ကားကြီးကို အတုယူကာ ဖန်တီးထားတဲ့ Game Mode တစ်မျိုးပဲ ဖြစ်ပါတယ်။

Rage Gear

Rage Gear Game Mode ဆိုတာကတော့ ကားမောင်းရင်း ပြိုင်ဘက်တွေကို သေနတ် ဒါမှမဟုတ် လောင်ချာတို့နဲ့ ပစ်ခတ် ချေမှုန်းပြီး နောက်ဆုံး ကျန်ရှိသူက အနိုင်ရမယ့် Game Mode တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Rage Gear Game Mode ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထွက်ရှိလာမယ့် PUBG Mobile Update မှာ ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသစ်ထွက်ရှိလာမယ့် Rage Gear Game နဲ့ ပတ်သတ်ပြီး လေ့လာချင်တယ် ဆိုရင်တော့ အောက်ပါ ဗွီဒီယိုမှာ ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

REF: EggNetwork