၂၀၂၀ ခုနှစ်အတွင်း ထွန်းတောက်လာဖွယ်ရှိတဲ့ Dota 2 ကစားသမား သုံးဦး

၂၀၂၀ ခုနှစ်အတွင်း ထွန်းတောက်လာဖွယ်ရှိတဲ့ Dota 2 ကစားသမား သုံးဦး

အခုဆိုရင် ၂၀၂၀ ခုနှစ်ရဲ့ ပထဆုံး Major/ Minor ပြိုင်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တာနဲ့အညီ ပြိုင်ပွဲဝင် အသင်း အများစု အနေနဲ့လည်း ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်ပြီး မကြာခင် ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အဆင်သင့်ဖြစ်လို့နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ထွန်းတောက်လာဖွယ်ရှိတဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Gpk

Danil “Gpk” Skutin ဆိုတာကတော့ ရုရှားနိုင်ငံသား Mid Laner တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် ၁၈ နှစ်သာ ရှိသေးသလို ပရိုဖက်ရှင်နယ် Dota 2 လောကကို ၂၀၁၈ ခုနှစ်ကမှ ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့်လည်း နာမည်ကျော် ကစားသမား အများစုနဲ့ ယှဉ်ပြိုင်ကစားနိုင်နေပြီ ဖြစ်သလို လက်ရှိအချိန်မှာ Gambit Esports Dota 2 အသင်းရဲ့ Mid Lane ကစားသမား အဖြစ် တာဝန်ယူထားလျက် ရှိပါတယ်။

Gpk အနေနဲ့ ပြီးခဲ့တဲ့ 2018-2019 DPC ရာသီမှာ Vega Squadron Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် အသစ်ပြန်လည် ဖွဲ့စည်းသွားမယ့် Gambit Dota 2 အသင်းမှာ လာရောက် ကစားဖို့အတွက် ကပ္ပတိန်ကြီး Fng ရဲ့ ခေါ်ယူခြင်းကို ခံယူခဲ့ရပါတယ်။

Gpk အနေနဲ့ Gambit Dota 2 အသင်းနဲ့အတူ ESL One Hamburg 2019 ပြိုင်ပွဲမှာ ဒုတိယဆုကို ရယူနိုင်ခဲ့သလို အခြားသော ပြိုင်ပွဲတွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Bukovel Minor ပြိုင်ပွဲမှာလည်း Gpk တစ်ယောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • Epileptick1d

Egor “epileptick1d” Grigorenko အနေနဲ့ ပြီးခဲ့တဲ့ DPC ရာသီအထိ Pub Star တစ်ယောက် အနေနဲ့သာ ရပ်တည်ခဲ့ပေမယ့် CIS အခြေစိုက် နာမည်ကျော် Dota 2 အသင်း Virtus Pro ရဲ့ အလုံးစုံ ပြောင်းလဲမှုမှာ တစ်တပ်တစ်အား ပါဝင်အားဖြည့်ရန်အတွက် VP Dota 2 အသင်းရဲ့ ခေါင်းဆောင်ဖြစ်သူ Solo ရဲ့ ကမ်းလှမ်းမှုနဲ့အတူ 2019-2020 DPC ရာသီမှာ ပရိုဖက်ရှင်နယ် Dota 2 လောကကို စတင် ဝင်ရောက်လို့ လာခဲ့ပါတယ်။

ကစားသမား အသစ်အများစုနဲ့ Virtus Pro Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီဇာပြဿနာ အခက်အခဲများကြောင့် VP Dota 2 အသင်းအနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ Virtus Pro Dota 2  အသင်း အနေနဲ့ ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်လာမယ့် DreamLeague Season 13 Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ epileptick1d တစ်ယောက် ဘယ်လို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • Pyw

Xiong “Pyw” Jiahan ဆိုတာကတော့ Dota 2 ချစ်ပရိသတ် အများစုနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Pyw အနေနဲ့ The International 2018 ပြိုင်ပွဲကို တရုတ်နိုင်ငံ အခြေစိုက် Team Serenity Dota 2 အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သလို Pyw အနေနဲ့ TI 8 ပြိုင်ပွဲတစ်လျှောက် စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် Vici Gaming ရဲ့ နည်းပြဖြစ်သူ rOtk ရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံယူခဲ့ရပြီး 2019-2020 DPC ရာသီမှာ VG Dota 2 အသင်း ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ခေါ်ယူခြင်းခံခဲ့ရပါတယ်။

VG ကို စတင် ရောက်ရှိစဉ် အချိန်က စတင်ပြီး Pyw အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို Vici Gaming အနေနဲ့လည်း One Esports Invitational Singapore ပြိုင်ပွဲမှာ ပထမဆု၊ MDL Chengdu Major မှာ ဒုတိယဆုစတဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ Pyw အနေနဲ့ ကမ္ဘာ့အကောင်းဆုံး Position 4 (Support) ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင်အဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်တာကြောင့် DreamLeague Season 13 Leipzig Major ပြိုင်ပွဲမှာလည်း Pyw အပါအဝင် Vici Gaming အသင်းသားတွေ အနေနဲ့ ဘယ်လို အောင်မြင်မှုတွေကို ရယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports