SEA Dota 2 လောကထဲကို အသင်းသစ်နဲ့အတူ ပြန်လည် ဝင်ရောက်လာတဲ့ PieLieDie

SEA Dota 2 လောကထဲကို အသင်းသစ်နဲ့အတူ ပြန်လည် ဝင်ရောက်လာတဲ့ PieLieDie

အတွေ့အကြုံရင့် ဆွီဒင်နိုင်ငံသား Support (Pos 5) ကစားသမားကြီး PieLieDie အနေနဲ့ The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်ကတည်းက Dota 2 လောကကနေ ပျောက်ကွယ်သွားခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့တဲ့ PieLieDie အနေနဲ့ ယခုအခါမှာတော့ ကိုရီးယားနိုင်ငံ အခြေစိုက် SK Telecom T1 Esports အဖွဲ့အစည်းမှ အသစ် ထပ်မံ ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်းမှာ ပါဝင် ကစားတော့မှာ ဖြစ်ပါတယ်။

SK Telecom T1 ဆိုတာ League of Legends လောကမှာ အောင်မြင်မှုပေါင်း မြောက်များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး Dota 2 လောကမှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ဖို့ အတွက် အသင်းတစ်ခုကို ထူထောင်သွားမှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

SK Telecom T1 အဖွဲ့အစည်း အနေနဲ့ Dota 2 အသင်းကို စတင် ထူထောင်ချိန်မှာ ကိုရီးယား နိုင်ငံသား Dota 2 အကျော်အမော် Lee “Forev” Sang Don ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Pio “MP” Noah, James “Xemistry” Lee, Chong “Snow” Mook Ping, Nicholas “xFreedom” Calvin Ileto Lim စတဲ့ ကစားသမားတွေကို အစမ်းခန့် သဘောမျိုးဖြင့် ထပ်မံ ခေါ်ယူခဲ့ပါတယ်။

အဆိုပါ ကစားသမားတွေနဲ့ အတူ VKGAME Battle of Dawn, Hainan Master Cup စတဲ့ Tier 2 အဆင့်ရှိ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် အစမ်းခန့် ကစားတွေဖြစ်တဲ့ MP, Snow, xFreedom တို့ကို အသင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့ပါတယ်။

ကစားသမား နှစ်ယောက်သာ ကျန်ရှိတော့တဲ့ SK Telecom T1 အသင်းအနေနဲ့ ယခုအခါမှာတော့ အတွေ့အကြုံရင့် Support ကစားသမား PieLieDie ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် PieLieDie နဲ့အတူ Sea Region မှ Carry ကစားသမား Christian-John “Skadilicious” Abasolo ကို ခေါ်ယူခဲ့ပါတယ်။

PieLieDie အနေနဲ့ SK T1 အသင်းရဲ့ Offlane Player Forev နဲ့အတူ Team Secret မှာလက်တွဲခဲ့ဖူးပြီး အောင်မြင်မှုတွေ အရယူနိုင်ခဲ့တာကြောင့် ယခုတစ်ဖန် ပြန်လည် လက်တွဲမှုမှာလည်း အရင်အချိန်တွေတုန်းကလို အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Skadilicious အနေနဲ့ကတော့ SK T1 မှ ခေါ်ယူမှု မတိုင်ခင် အချိန်မှာ Low Key Esports, Neon Esports စတဲ့ Tier 2 အသင်းတွေမှာသာ ကစားခဲ့တာကြောင့် လက်စွမ်းလက်နကိုတော့ အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။

SK Telecom T1 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Skadilicious (Pos 1)
  • Xemistry (Pos 2)
  • Forev (Pos 3)
  • PieLieDie (Pos 5)

လက်ရှိအချိန်မှာ SK T1 Dota 2 အသင်းအတွက် Pos 4 (Support) ကစားသမား တစ်ဦး လိုအပ်နေသေးတာကြောင့် မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမယ့် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ လက်ရည်စစ်ပွဲတွေ မတိုင်ခင် ကစားသမား တစ်ဦးကို အမိအရ ခေါ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကောလာဟလတွေ အရ SK T1 Dota 2 အသင်းအတွက် လိုအပ်နေတဲ့ Pos 4 နေရာကို ယခင် MVP Phoenix၊ Immortals Dota 2 စတဲ့ အသင်းတွေမှာ Forev နဲ့ အတူ လက်တွဲခဲ့ဖူးတဲ့ Pos 4 ကစားသမားဟောင်း Febby က ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

ကစားသမား အသစ်တွေနဲ့ ပြန်လည် အားဖြည့်ထားတဲ့ SK T1 Dota 2 အသင်း အနေနဲ့ နောင်လာမယ့် ပြိုင်ပွဲတွေမှာ ဘယ်လို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး SK T1 LoL အသင်းလို အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming