Esports ကဏ္ဍကနေ တစ်ဆင့် ပထမဆုံး ရွှေတံဆိပ်ဆုကို စွတ်ခူးနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု MLBB အသင်း

Esports ကဏ္ဍကနေ တစ်ဆင့် ပထမဆုံး ရွှေတံဆိပ်ဆုကို စွတ်ခူးနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု MLBB အသင်း

ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးဟာဆိုရင် Esports ပြိုင်ပွဲတွေကို ဆုတံဆိပ် အဖြစ် ပေးအပ်သွားမယ့် ပထမဆုံး SEA Games ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအခါမှတော့ Esports ကဏ္ဍရဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MLBB ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ ရွှေတံဆိပ်ဆုကို စွတ်ခူးနိုင်ခဲ့တဲ့ အသင်းလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

MLBB ပြိုင်ပွဲကြီးကနေ တစ်ဆင့် Esports ကဏ္ဍ ပထမဆုံး ရွှေတံဆိပ်ဆုကို စွတ်ခူးနိုင်ခဲ့တဲ့ အသင်းကတော့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု MLBB အသင်းပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် MLBB အသင်း အနေနဲ့ အုပ်စုအဆင့်မှာ အင်ဒိုနီးရှား၊ ထိုင်း၊ လာအိုနိုင်ငံ ကိုယ်စားပြု MLBB အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အင်ဒိုနီရှား အသင်း၊ ထိုင်အသင်းတွေကို သရေ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လာအိုအသင်းကို (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရမှတ် (၅) မှတ် ရရှိကာ အုပ်စု ဒုတိယအဆင့်ဖြင့် ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု MLBB အသင်းနဲ့ စတင် ယှဉ်ပြိုင်ခဲ့ရပြီး Game 1 မှာ ဗီယက်နမ် အသင်းကို သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ အနိုင်ရလဒ်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ Game 2 မှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု MLBB အသင်းသားတွေ အကြားမှာ နားလည်မှု လွဲမှားခြင်းတွေ ရှိနေခဲ့တာကြောင့် ပွဲချိန်အစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အသင်းသား Karl Gabriel “KarlTzy” Nepomuceno (Esmeralda) ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ နောက်ဆုံးမှာတော့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ နာမည်‌ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်ပြီး Lower Bracket ကို သက်ဆင်းလာတဲ့ မလေးရှားအသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဥ်မှာလည်း ဖိလစ်ပိုင် ကိုယ်စားပြု MLBB အသင်း အနေနဲ့ မလေးရှားအသင်းကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဥ်မှာ ဒေသတွင်း အင်အားကြီး ပြိုင်ဘက်အသင်းလည်းဖြစ်၊ M1 World Championship မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းသား အများစုနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ ဗိုလ်လုပွဲစဥ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး Game 1 မှာတော့ အိမ်ရှင် အသင်းဖြစ်တဲ့ ဖိလစ်ပိုင် အသင်းအနေနဲ့ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ပွဲချိန်နောက်ပိုင်းမှာ အမှားအယွင်းမရှိ ပြန်လည် ကစားနိုင်ခဲ့တာကြောင့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

Game 2 မှာတော့ Draft မှားသွားခဲ့ပြီး အင်ဒိုနီရှားအသင်းရဲ့ အလွယ်တကူ အနိုင်ယူမှုကို ခံယူခဲ့ရပါတယ်။ Game 3 မှာတော့ အင်ဒိုနီးရှားအသင်းကို ပွဲချိန် တစ်လျှောက် ထိန်းချုပ် ကစားနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ Game 4 မှာ အင်ဒိုနီးရှားအသင်းရဲ့ ပြန်လည် အနိုင်ယူခြင်းကို ခံယူခဲ့ရတာကြောင့် ပြိုင်ပွဲရဲ့ နောက်ဆုံး ပွဲစဥ်ဖြစ်တဲ့ Game 5 ကိုရောက်ရှိခဲ့တဲ့ အချိန်ထိ အရှုံးအနိုင် ရလဒ် ကွဲကွဲပြားပြား ပေါ်ထွက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ Game 5 မှာတော့ ဖိလစ်ပိုင် အသင်းအနေနဲ့ အင်အားကြီး ပြိုင်ဘက် အင်ဒိုနီးရှား အသင်းကို သက်တောင့်သက်သာ အနိုင်ယူကာ ပထမဆုံး Esports ပြိုင်ပွဲကနေ ရွှေတံဆိပ်ကို ရရှိနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အသင်း အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Photo Credit: MESL Facebook Page

REF: AfkGaming