အသည်းကင်ဆာဖြင့် သေဆုံးသွားခဲ့တဲ့ Riot Games ကိုရီးယားရုံးခွဲ CEO

အသည်းကင်ဆာဖြင့် သေဆုံးသွားခဲ့တဲ့ Riot Games ကိုရီးယားရုံးခွဲ CEO

Riot Games ဆိုတာကတော့ Esports လောကမှာ နာမည်ကျော်ကြား လူကြိုက်များလျက်ရှိတဲ့ League of Legends ဗွီဒီယိုဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကြီး တစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Riot Games အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှ နေရာပေါင်း (၂၄) နေရာမှာ ရုံးခွဲတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ ယခုအခါမှာတော့ Riot Games ရဲ့ ထုတ်ပြန် ကြေငြာချက်များအရ Riot Games ကိုရီးယားရုံးခွဲရဲ့ CEO ဖြစ်သူ Park Jun Kyu (Jaysen) တစ်ယောက် အသည်းကင်ဆာ ရောဂါဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Park Jun Kyu အနေနဲ့ Riot Games ရဲ့ Publishing Department မှာ တာဝန်ထမ်းဆောင်ရန် အတွက် ၂၀၁၄ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Publishing Department ရဲ့ ဒါရိုက်တာအဖြစ် ရာထူးတိုး ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ Publishing Department ရဲ့ ဒါရိုက်တာအဖြစ် (၄) နှစ်ခန့် တာဝန် ထမ်းဆောင်ပြီးတဲ့ အချိန်မှာ‌တော့ Riot Games ကိုရီးယားရုံးခွဲမှာ CEO အဖြစ် ရာထူးတိုး ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

CEO အဖြစ် တာဝန် ထမ်းဆောင်နေစဉ် အချိန်ကာလမှာ Park အနေနဲ့ အသည်းကင်ဆာ ရောဂါကို စတင်ခံစားနေရပြီ ဖြစ်ပေမယ့် အလုပ်ကြိုးစားသူ တစ်ဦးဖြစ်တာနဲ့အညီ ကျန်းမာရေးကို ဂရုမစိုက်ခဲ့ဘဲ အလုပ်တာဝန်များကိုသာ ပြီးစီးအောင် အစွမ်းကုန် ကြိုးစား ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသည်းကင်ဆာကို စတင်ခံစားရပြီး တစ်နှစ်ခန့် အကြာ ဇန်နဝါရီလ ၉ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ Park Jun Kyu တစ်ယောက် လူ့လောကကနေ စွန့်ခွာသွားခဲ့ပါတယ်။

Park Jun Kyu

လက်ရှိအချိန်မှာ Riot Games အနေနဲ့ လစ်လပ်သွားတဲ့ Park Jun Kyu ရဲ့ CEO နေရာမှာ အစားထိုးခန့်အပ်သွားမယ့် ပုဂ္ဂိုလ်ကို ကြေငြာခြင်း မရှိသေးတာကြောင့် Park Jun Kyu လို LoL လောက ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ နောက်ထပ် ပုဂ္ဂိုလ်တစ်ဦးကို ထပ်မံ ခန့်အပ်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: InvenGlobal, VpEsports