MDL Chengdu Major မှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

MDL Chengdu Major မှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Major ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ MDL Chengdu Major ပြိုင်ပွဲမှာ 2019-2020 ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Summit 11 ချန်ပီယံ Invictus Gaming ၊ Dream League Season 12 ချန်ပီယံ Alliance ၊ ESL One Hamburg 2019 ချန်ပီယံ TNC စတဲ့ အသင်းတွေ အပါအဝင် နိုင်ငံတကာမှ ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း ၁၆ သင်း ပါဝင် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

MDL Chengdu Major ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်တဲ့အပြင် DPC Point 15000 ကို ဝင်ရောက် ယှဉ်ပြိုင်တဲ့ အသင်းတွေကို ခွဲဝေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမယ့် MDL Chengdu Major မှာ အသင်းကြီးတွေဖြစ်တဲ့ Team Secret, OG, Ex-Liquid, LGD တို့ပါဝင်ယှဉ်ပြိုင်သွားမှာ မဟုတ်တာကြောင့် ယခုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေ အနေနဲ့ နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေထက် အနည်းငယ် လွယ်ကူတဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

MDL Chengdu Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေမယ့် OG Dota 2 အသင်းနဲ့အတူ နှစ်ထပ်ကွမ်း TI ချန်ပီယံဆုကြီးကို စွတ်ခူးနိုင်တဲ့ Notail ကတော့ ယခုပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲသွားမယ့် အသင်းကို ခန့်မှန်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Notail အနေနဲ့ MDL Chengdu Major ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ TNC နဲ့ Alliance အသင်းတို့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး TNC အသင်း အနေနဲ့ ချန်ပီယံဆုကို စွတ်ခူးသွားမှာ ဖြစ်တယ်လို့ ခန့်မှန်းပေးလိုက်ပြီ ဖြစ်ပါတယ်။

TNC Dota 2 အသင်း အနေနဲ့ ESL One Hamburg 2019 မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို ချန်ပီယံဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် Notail အနေနဲ့ အခုလို ခန့်မှန်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကပ္ပတိန်အသစ် March၊ Offlane ကစားသမားအသစ် Kpii တို့ကို ခေါ်ယူပြီး အားအင် ဖြည့်တင်းထားတဲ့ TNC အသင်း အနေနဲ့ ESL Dota 2 ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာကြောင့် MDL Chengdu ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့် အသင်းအဖြစ် ရေပန်းအစားဆုံး နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း Notail ရဲ့ ခန့်မှန်းချက်ကို လွဲချော်သွားအောင် လုပ်နိုင်စွမ်း ရှိနေတဲ့ အသင်းတွေဖြစ်တဲ့ Gambit, Evil Genius တို့လည်း MDL Chengdu ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Gambit အနေနဲ့ 2019-2020 DPC ရာသီအစမှာ ကစားသမား အသစ်တွေကို ခေါ်ယူပြီး အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် ESL One Hamburg ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ TNC Dota 2 အသင်းကို အပြန်အလှန် ဆော့ကစားနိုင်ခဲ့ပြီး (3-2) ဆိုတဲ့ ရလဒ်ဖြင့်သာ ရှုံးနိမ့်ခဲ့တာကြောင့် ယခုကျင်းပသွားမယ့် MDL Major မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် North America အခြေစိုက် Esport အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Evil Genius Dota 2 အသင်းလည်း ယခုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ CIS ဒေသတွင်း နာမည်ကျော် ကစားသမား Ramzes ၊ SEA ဒေသတွင်း ပရိသတ် အချစ်တော် ကစားသမား Abed တို့ကို ခေါ်ယူပြီး အသင်းကို ပြန်လည် ဖွဲ့စည်းထားတဲ့ EG Dota 2 အသင်းအနေနဲ့ လက်ရှိ ပြိုင်ပွဲမှာ ကစားသမား အသစ်တွေနဲ့ ပထမဆုံး အကြိမ် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကြာခင် ကျင်းပသွားမယ့် MDL Chengdu Major ပြိုင်ပွဲကြီးကို Notail ခန့်မှန်းထားသလို TNC အသင်းကပဲ စွတ်ခူးသွားမလား ဒါမှမဟုတ် ထင်မှတ်မထားတဲ့ အသင်း တစ်သင်းကပဲ စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports