NiP Dota 2 အသင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ NA အခြေစိုက် နာမည်ကျော် ကစားသမား Gunnar

NiP Dota 2 အသင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ NA အခြေစိုက် နာမည်ကျော် ကစားသမား Gunnar

နာမည်ကျော် Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Ninja in Pyjamas (NiP) အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ အဆင့် ၅-၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ကပ္ပတိန်ကြီး PPD မျှော်လင့်ထားသလို အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် Carry ကစားသမား Oliver “Skiter” Lepko ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

Skiter

Skiter ကို ထုတ်ပယ်ပြီး နာမည်ကျော် Mid-Lane ကစားသမား တစ်ဦးဖြစ်သူ Tanner ကို အစားထိုး ခေါ်ယူခဲ့သလို အသင်းရဲ့ Mid-Player ဖြစ်သူ Gunnar ကိုတော့ Carry ကစားသမား အဖြစ် ပြောင်းလဲ ကစားစေခဲ့သလို NiP Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေကို North America ဒေသကနေ တစ်ဆင့် ပြောင်းရွေ့ တိုက်ပွဲဝင်ခဲ့ပါတယ်။

NiP Dota 2 အနေနဲ့ ဥရောပကနေ မြောက်အမေရိကကို ပြောင်းရွေ့ တိုက်ပွဲဝင်ခဲ့ပေမယ့် Major လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ Bukovel Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုတော့ ရယူနိုင်ခဲ့ပါတယ်။ Bukovel Minor မှာ NiP Dota 2 အသင်း အနေနဲ့ အုပ်စုပွဲစဥ်တွေမှာ ပွဲငယ်တစ်ပွဲတောင် အနိုင်ရရှိခဲ့ခြင်း မရှိသလို ပြိုင်ပွဲကနေလည်း အစောဆုံး နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

Gunnar

အခုလို Minor ပြိုင်ပွဲ နှစ်ခုဆက်တိုက် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် NiP Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ PPD တစ်ယောက် အသင်းရဲ့ နောက်ထပ် ကစားသမား တစ်ယောက်ကို ပြောင်းလဲပစ်ဖို့ ကြံစည်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ် NiP Dota 2 အသင်းကနေ ထွက်ခွာရဖို့ အလှည့်ကျလာတဲ့ ပုဂ္ဂိုလ်ကတော့ Nico “Gunnar” Lopez ပဲ ဖြစ်ပါတယ်။

Gunnar ကို ထုတ်ပယ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး NiP Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ PPD ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Gunnar ကို NiP Dota 2 အသင်းနဲ့အတူ ယခုရာသီမှာ တိုက်ပွဲဝင်ဖို့ အတွက် အစောဆုံးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း အသင်းအတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းခဲ့ပါတယ်။ သူက ကစးသမားကောင်း တစ်ဦးလည်း ဖြစ်သလို ပေါင်းရသင်းရ အဆင်ပြေတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း အောင်မြင်တိုးတက်ရေး အတွက် အပြောင်းအလဲတွေ ထပ်မံ ပြုလုပ်ဖို့ လိုအပ်လာခဲ့ပြီ ဖြစ်တာကြောင်း Gunnar ကို အခုလို အသင်းကနေ ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။

Gunnar ကို ထုတ်ပယ်ခဲ့ရတာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အနေနဲ့ နားလည်ပေးဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ NiP Dota 2 အသင်းရဲ့ ရည်ရွယ်ချက်က အသင်းလိုက် စွမ်းဆောင်ရည် တိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။ Minor ပြိုင်ပွဲတွေမှာ ဝင်‌ရောက် ယှဉ်ပြိုင်ပြီး နောက်ဆုံးနေရာနဲ့ ကျေနပ်နေဖို့ မဟုတ်ပါဘူး။”

Gunnar

လက်ရှိအချိန်မှာ NiP Dota 2 အသင်း အနေနဲ့ Gunnar နေရာကို အစားထိုးဖို့ အတွက် Carry ကစားသမား တစ်ဦးကို ရှာဖွေလျက်ရှိပြီး ကစားသမား အသစ်ကို မကြာမီ အချိန်အတွင်းမှာ ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် NiP Dota 2 အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ 2019-2020 DPC ရဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေကို ဥရောပဒေသကို ပြန်လည် ပြောင်းရွေ့ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports, VpEsports