EU Top 5 Support ကစားသမား တစ်ဦးကို ခေါ်ယူလိုက်တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Na’Vi

EU Top 5 Support ကစားသမား တစ်ဦးကို ခေါ်ယူလိုက်တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Na’Vi

ယခင်အချိန်တုန်းက CIS ဒေသအပြင်၊ နိုင်ငံတကာမှာပါ အင်အားကြီး Dota 2 အသင်းတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Natus Vincere Dota 2 အသင်း အနေနဲ့ အနိမ့်အမြင် အတက်အကျပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ 2018-2019 DPC ရာသီမှာလည်း ပရိသတ်တွေ မျှော်လင့်ထားသလို အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် Na’Vi Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီကိုလည်း Offlane ကစားသမား တစ်ဦးသာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

Na’Vi Dota 2 အသင်း အနေနဲ့ အသင်းရဲ့ Offlane ကစားသမား Blizzy ကို ထုတ်ပယ်ခဲ့ကာ CIS ဒေသတွင်း အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ Virtus Pro Dota 2 အသင်းရဲ့ Offlane ကစားသမား 9Pasha ကို ခေါ်ယူခဲ့ပါတယ်။

အတွေ့အကြုံရင့် ကစားသမား တစ်ဦးဖြစ်တာနဲ့ အညီ 9Pasha အနေနဲ့ အသင်းသစ် Na’Vi မှာ အလွယ်တကူပဲ အသားကျသွားခဲ့ပြီး 2019-2020 DPC ရာသီ မစတင်ခင် အချိန်မှာ ကျင်းပသွားခဲ့တဲ့ WePlay! Reshuffle Madness 2019 ပြိုင်ပွဲမှာ CIS ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ILTW, Immersion, Ghostik တို့နဲ့ ဖွဲ့စည်းထားတဲ့ Positive Guys (ယခု Team Spirit) ကို အနိုင်ယူကာ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲနဲ့ Major ပြိုင်ပွဲတွေဖြစ်တဲ့ MDL Chengdu Major, Dota Summit 11 Minor စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် ကစားခဲ့ရတဲ့ လက်ရည်စစ်ပွဲတွေမှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

လက်ရည်စစ်ပွဲတွေမှာ ကျရှုံးပြီး ရက်သတ္တပတ် အနည်းငယ်ခန့် အကြာမှာတော့ အသင်းရဲ့ Pos 5 ကစားသမားလည်းဖြစ်၊ Captain လည်းဖြစ်တဲ့ Akbar “SoNNeiko” Butaev ကို အသင်းကနေ အနားပေးလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။ SoNNeiko ကို အနားပေးလိုက်ရခြင်းနဲ့ ပတ်သတ်ပြီး Na’Vi Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Yevhen Zolotarov အနေနဲ့ အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။

“The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်ကတည်း အသင်းရဲ့ Captain ဖြစ်သူနဲ့ ကစားသမားတွေ အကြားမှာ ပြဿနာလေးတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေ အကြားမှာ တင်းမာနေတဲ့ ပြဿနာလေးတွေကို ဝင်ရောက် ဖြေရှင်းပေးခဲ့ရပါတယ်။

9Pasha ရောက်ရှိလာတဲ့ အချိန်မှာ အသင်းရဲ့ ကစားသမားတွေ အကြား ဆက်ဆံရေးဟာ အတော်လေး ကောင်းမွန်တဲ့ အခြေအနေကို ပြန်လည်လို့ ရောက်ရှိလို့ လာခဲ့ပြီး လေ့ကျင့်ရေး ပွဲစဉ်တွေ အများစုကိုလည်း အနိုင်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း MDL Chengdu Major လက်ရည်စစ်ပွဲတွေ ကစားနေတဲ့ အချိန်မှာ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေ ကစားသမားတွေ အကြားမှာ ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး ကစားသမားတွေ အကြား အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လို့ လာခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ Captain ဖြစ်သူ SoNNeiko ကိုပဲ အသင်းကနေ ထုတ်ပယ်မလား ဒါမှမဟုတ် SoNNeiko ကိုပဲ အသင်းမှာ ချန်ထားခဲ့ပြီး ကျန်တဲ့ ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်မလား ဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အချိန်ကြာမြင့်စွာ ရွေးချယ်ထားတဲ့ ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်ပစ်ဖို့က အရမ်းကြီး စွန့်စားသလို ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်‌ နောက်ဆုံးမှာ SoNNeiko ကို အသင်းကနေ ထုတ်ပယ်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။”

SoNNeiko ကို ထုတ်ပယ်ပြီး တစ်လခန့် အကြာမှာတော့ Na’Vi Dota 2 အသင်းအနေနဲ့ EU Leaderboard ရဲ့ နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ အသက် (၁၇) နှစ်အရွယ် Pub star တစ်ဦးဖြစ်သူ Illias “illias” Ganeev ကို အသင်းရဲ့ Pos 5 ကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

Navi Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Crystallize – Pos 1
  • Magical – Pos 2
  • 9Pasha – Pos 3
  • W_Zayac – Pos 4
  • Illias – Pos 5
  • Mag – Coach
  • Caff – Manager

Illias အနေနဲ့ လက်ရှိ အချိန်ထိ ပရိုဖက်ရှင်နယ် Dota 2 ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိသေးပေမယ့် EU Leaderboard ရဲ့ ထိပ်ဆုံး ငါးယောက် နေရာမှာ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေနဲ့အတူ ရပ်တည်နေနိုင်တာကြောင့် မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမှာ Leipzig Major, WePlay Minor လက်ရည်စစ်ပွဲတွေမှာ Na’Vi Dota 2 အသင်းနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports