World Electronic Sports Games 2019 Southeast Asia Finals (Dota 2) ပြိုင်ပွဲမှာ တတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Myanmar နိုင်ငံကိုယ်စားပြု ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Cyanide

World Electronic Sports Games 2019 Southeast Asia Finals (Dota 2) ပြိုင်ပွဲမှာ တတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Myanmar နိုင်ငံကိုယ်စားပြု ပရိုဖက်ရှင်နယ် Dota  2 အသင်း Team Cyanide

မလေးနိုင်ငံ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ (၃၁) ရက်နေ့ကနေ နိုဝင်ဘာလ (၃) ရက်နေ့အထိ World Electronic Sports Games 2019 Southeast Asia Finals ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ WESG ပြိုင်ပွဲနဲ့ အခြားသောပြိုင်ပွဲတွေနဲ့ မတူညီတဲ့ အချက်ကတော့ အသင်းသားတွေ အနေနဲ့ ကလပ်အသင်းတွေ ကိုယ်စားပြု ယှဥ်ပြိုင်ရတာ မဟုတ်ပဲ နိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ WESG 2019 Southeast Asia Final ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါက တရုတ်နိုင်ငံမှာ ကျင်းပသွားမယ့် WESG 2019 Dota 2 ပြိုင်ပွဲမှာ တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

WESG 2019 Southeast Asia Final ပြိုင်ပွဲမှာ အရှေ့တောင်အာရှတွင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယမ်နမ်နိုင်ငံ ကိုယ်စားပြု အသင်းပေါင်း (၁၀) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု Dota 2 အသင်း Team Cyanide ဆိုတာကတော့ ပြည်တွင်း အကောင်းဆုံး အသင်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး Dota 2 ချစ်ပရိသတ်တွေ အကျွမ်းတဝင် ရှိပြီးသား ကစားသမားတွေဖြစ်တဲ့ Leo, Insane, Show-T, Rap Rap, Kenji တို့နဲ့ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု Team Cyanide အသင်းအနေနဲ့ အုပ်စုအဆင့်မှာ လာအိုနိုင်ငံ ကိုယ်စားပြု Aggressive Slayer၊ ဒေသတွင်း အင်အားကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စင်ကာပူနိုင်ငံ ကိုယ်စားပြု Resurgence၊ မလေးရှားနိုင်ငံ ကိုယ်စားပြု Dota Hero၊ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု Tiny Airline စတဲ့အသင်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး လာအိုနိုင်ငံ ကိုယ်စားပြု Aggressive Slayer Dota 2 အသင်းတစ်ခုတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ရှုံးထွက်အဆင့်ကို ဒုတိယနေရာဖြင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာတော့ ဒေသတွင်း အင်အားကြီး အသင်းတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင် TNC Dota 2 အသင်းကို (2-0) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် တတိယလုပွဲကို ဆင်းသက်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း TNC နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒုတိယပွဲစဉ်မှာ သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားနိုင်ခဲ့တဲ့အပြင် အနိုင်ရရှိနိုင်တဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိတာကြောင့်သာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ TNC လိုအင်အားကြီး အသင်းတစ်သင်းကို အပြန်အလှန် ယှဉ်ပြိုင် ကစားနိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု Team Cyanide Dota 2 အသင်းအနေနဲ့ အရှေ့တောင် အာရှဒေသတွင်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုပါ ခံယူနိုင်ခဲ့ပါတယ်။

တတိယနေရာလုပွဲမှာတော့ အုပ်စုတွင်းမှာ Team Cyanide ကိုရှုံးပွဲတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ လာအိုနိုင်ငံ ကိုယ်စားပြု Aggressive Slayer အသင်းအနေနဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရခဲ့ပြီး Team Cyanide အနေနဲ့ (2-1) ဆိုတဲ့ ရလဒ်နဲ့ Aggressive Slayer အသင်းကို အနိုင်ရရှိကာ လက်စားချေနိုင်ခဲ့တဲ့အပြင် တတိယဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ WESG 2019 Southeast Asia Final ပြိုင်ပွဲမှာ တတိယဆုကို ရရှိခဲ့တာကြောင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၂၀၀၀) ကိုရရှိခဲ့သလို WESG 2019 APAC Final ကိုလည်း တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

WESG 2019 APAC Final ဆိုတာကတော့ WESG 2019 Central Asia Final ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ ရရှိခဲ့တဲ့ အသင်း (၂) သင်း၊ WESG 2019 Sea Final မှာ ဒုတိယ၊ တတိယ၊ စတုတ္ထ ရရှိခဲ့တဲ့ အသင်းတွေဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု 496 Gaming၊ မြန်မာနိုင်ငံကိုယ်စားပြု Team Cyanide၊ လာအိုနိုင်ငံကိုယ်စားပြု Aggressive Slayer အသင်းတို့ ငါးသင်း ပတ်လည် ပြန်လည်ယှဉ်ပြိုင်ပြီး အနိုင်ရရှိတဲ့ အသင်းအနေနဲ့ တရုတ်နိုင်ငံမှာ ကျင်းပသွားမယ့် WESG 2019 Dota 2 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပေးအပ်သွားမယ့် ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။

REF: Liquipedia, TeamCyanide