CSGO Asia Championships ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ Mousesports

CSGO Asia Championships ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ Mousesports

CSGO Asia Championships 2019 ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ၂၄ ရက်‌နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော်၊ Jing’an Sports Center မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ Avangar, Ence, Evil Geniuses, G2 Esports, MIBR, Mousesports, Tyloo, Vici Gaming စတဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်းခန့် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် အသင်း (၈) သင်းကို လေးသင်း တစ်အုပ်စုစီ ခွဲခြား ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး အုပ်စုအေမှာ Tyloo, MIBR, EG, G2 Esports ၊ အုပ်စုဘီမှာ ENCE, Mousesports, Avangar, Vici Gaming တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

အုပ်စုဘီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Mousesports အနေနဲ့ Avangar CSGO အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပေမယ့် ENCE ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာဖြင့် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၂) နေရာမှာ ရပ်တည်နေတဲ့ EG CSGO အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူခဲ့ကာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း တရုတ်နိုင်ငံတွင်း အင်အားကြီး CSGO အသင်း တစ်သင်းဖြစ်တဲ့ Tyloo CSGO အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်မှာတော့ အုပ်စုတွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ENCE နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ ဗိုလ်လုပွဲစဉ်ကို Best of 3 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမပွဲစဉ်ဖြစ်တဲ့ Train Map မှာ Mousesports အသင်းရဲ့ Frozen နဲ့ Woxic တို့ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ ENCE ကို (၁၆-၁၀) ဆိုတဲ့ ရမှတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ပွဲစဉ်ကိုတော့ Inferno Map မှာ ယှဉ်ပြိုင်ခဲ့ရပြီး Woxic နဲ့ Frozen တို့ရဲ့ ထပ်မံ လက်စွမ်းပြမှုနဲ့အတူ ENCE ကို (၁၆-၁၀) ဆိုတဲ့ ရမှတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် CSGO Asia Championships 2019 ပြိုင်ပွဲကြီးရဲ့ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၂ သိန်းခွဲကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Mousesports အနေနဲ့ CSGO Aisa Championships 2019 ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ နံပါတ် (၈) နေရာကို တက်လှမ်းနိုင်ခဲ့သလို လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ Frozen နဲ့ Woxic တို့ အနေနဲ့လည်း အခုလို ပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာလည်း Mousesports အနေနဲ့ အခုလို လက်စွမ်းပြမှုတွေနဲ့ အတူအောင်မြင်မှုတွေကို ဆက်လက် စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ထပ်မံ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports