NinjaBoogie နဲ့အတူ အသင်းသစ်ကို ပူးတွဲတည်ထောင်လိုက်တဲ့ MidOne

NinjaBoogie နဲ့အတူ အသင်းသစ်ကို ပူးတွဲတည်ထောင်လိုက်တဲ့ MidOne

2019-2020 DPC ရဲ့ ဒုတိယမြောက် ‌Major/ Minor လက်ရည်စစ်ပွဲတွေမှာ အသင်းကြီးတွေ အများစု ပြန်လည် ဝင်ရောက် ကစားသွားမှာ ဖြစ်တဲ့အပြင် အသသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် ကစားသမားတွေ အနေနဲ့လည်း အတူတကွ ပူးပေါင်းကာ လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဥ်နေကြတာကြောင့် Dota 2 ပရိသတ်တွေ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ပွဲကြီးပွဲကောင်းတွေကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

MidOne

ယခုအခါမှာ‌တော့ Secret Dota 2 အသင်းနဲ့အတူ အောင်မြင်မှုများစွာ စွတ်ခူးနိုင်ခဲ့တဲ့ MidOne အနေနဲ့ အသင်းသစ်ကို SEA Dota 2 လောကရဲ့ အထင်ကရ ကစားသမား တစ်ဦးလည်းဖြစ်၊ Mineski Dota 2 အသင်းရဲ့ Support ကစားသမား‌ဟောင်း တစ်ဦးလည်းဖြစ်တဲ့ NinjaBoogie နဲ့အတူ ပူးတွဲတည်ထောင်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

NinjaBoogie

အသစ် ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်းကို SeaMonkeys လို့ အမည်ပေးထားပြီး SeaMonkeys Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမှာ Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

SeaMonkeys

SeaMonkeys Dota 2 အသင်း ကိုယ်စားပြု ယှဉ်ပြိုင်သွားမယ့် ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lim “Chidori” Jai He – Pos 1/ 2
  • Yeik “MidOne” Nai Zheng – Pos 1/ 2
  • Nicholas “Zeal” Lim Eng Han – Pos 3
  • Ooi “KennyO” Yew Kah – Pos 4
  • Michael “NinjaBoogie” Ross – Pos 5

Chidori နဲ့ Zeal တို့ နှစ်ဦးလုံးဟာ SEA ဒေသတွင်း Tier 2 အသင်းဖြစ်တဲ့ Dota Hero ရဲ့ ကစားသမားတွေ ဖြစ်ကြပြီး Chidori အနေနဲ့ အဆိုပါအသင်းမှာ Position 2 (Mid Laner) အဖြစ် တာဝန်ယူ ကစားခဲ့ပြီး Zeal ကတော့ Position 3 (Offlaner) အဖြစ် တာဝန်ယူ ကစားခဲ့ပါတယ်။ KennyO ဆိုတာကတော့ ပရိုဖက်ရှင်နယ် Dota 2 လောကမှာ လူသိနည်းသေးတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် Sea Dota 2 Leaderboard မှာ Top 100 စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်တာကြောင့် ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပိုင်ဆိုင်ထားမယ်လို့ ထင်မြင်မိပါတယ်။

မကြာခင် အချိန်မှာ ကျင်းပသွားမယ့် Major/ Minor လက်ရည်စစ်ပွဲမှာ SEA ဒေသတွင်း နာမည်ကျော် ပရိုဖက်ရှင်နယ် Dota 2 အသင်းတွေဖြစ်တဲ့ TNC Predator, Fnatic, GeekFam, Boom Esports, Alpha x Hashtag စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကျော် ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ Mushi, Ohaiyo, YamateH တို့ ပါဝင်တဲ့ Brothers United Dota 2 အသင်းဟာ ဆိုရင်လည်း လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Sea Monkeys Dota 2 အသင်း အနေနဲ့ လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း ရှိမရှိ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Brothers United

REF: OneEsports