အသင်းသစ်ကို ကိုယ်တိုင်ကိုယ်ကျ ဖွဲ့စည်းသွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုပေးလိုက်တဲ့ Secret Dota 2 အသင်းသားဟောင်း MidOne

အသင်းသစ်ကို ကိုယ်တိုင်ကိုယ်ကျ ဖွဲ့စည်းသွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုပေးလိုက်တဲ့ Secret Dota 2 အသင်းသားဟောင်း MidOne

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဥရောပအခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Secret အနေနဲ့ အသင်းရဲ့ နာမည်ကျော် ကစားသမား MidOne တစ်ယောက် အသင်းကနေ အနားယူသွားပြီ ဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ MidOne အနေနဲ့ Team Secret နဲ့အတူ ပြိုင်ပွဲပေါင်း (၃၀) ခန့်ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သလို Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ The International ပြိုင်ပွဲကိုလည်း သုံးနှစ်ဆက်တိုက် Secret ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း MidOne တစ်ယောက် Secret ကနေ အနားယူသွားတဲ့ အချိန်မှာ ပရိသတ်တွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။ MidOne တစ်ယောက် TI 9 မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ခဲ့ခြင်း မရှိတာကြောင့် Secret ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ အချို့သော ပရိသတ်တွေ အကြားမှာ အထင်မြင် လွဲမှားမှုတွေ ရှိနေခဲ့ပါတယ်။

ဒါကြောင့် MidOne ရဲ့ အစ်ကိုလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်သူ Gary Yeik အနေနဲ့ MidOne တစ်ယောက် ရှေ့ဆက် လျှောက်သွားမယ့် ဘဝလမ်းခရီးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အခုလို ရှင်းလင်း ပြောကြားခဲ့ ရတာပဲ ဖြစ်ပါတယ်။

Gary Yeik ရဲ့ ပြောကြာချက်များအရ MidOne အနေနဲ့ Team Secret မှာ ကစားသမား ဘဝကို စတင်ခဲ့စဉ် အချိန်က စတင်ပြီး သုံးနှစ်တာ ကာလပတ်လုံး ဥရောပမှာသာ ဖြတ်သန်းခဲ့ရတဲ့အပြင် အမိမြေဖြစ်တဲ့ မလေးရှားနိုင်ငံကို ပြန်လည် ခြေချဖို့ အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာကြောင့် အခုလို Team Secret ကစားသမား ဘဝကနေ အနားယူခဲ့တာဖြစ်ကြောင်း၊ ပရိသတ်အချို့ ထင်ထားသလို အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ မဟုတ်ကြောင်း ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

ဒါ့အပြင် Team Secret နဲ့ MidOne တို့အကြား အခြားသော ပြဿနာတွေလည်း တည်ရှိမနေပဲ လက်ရှိအချိန်ထိ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ပိုင်ဆိုင်ထားစဲ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ MidOne အနေနဲ့ အမိမြေဖြစ်တဲ့ မလေးရှားနိုင်ငံမှာ မိသားစုနဲ့အတူ အနားယူနေဦးမှာ ဖြစ်ပေမယ့် အားအင်တွေ ပြန်လည် ပြည့်ဝလာတဲ့ အခါမှာ အရှေ့တောင်အာရှ ဒေသတွင်း Dota 2 အသင်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖွဲ့စည်းသွားနိုင်တယ်ဆိုတဲ့ အကြောင်းကို Gary Yeik ကအရိပ်အမြွက် အနေနဲ့ ပြောကြားသွားခဲ့ပါတယ်။

တကယ်လို့ MidOne တစ်ယောက် Dota 2 အသင်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ထူထောင်လိုစိတ် မရှိဘူး ဆိုရင်လည်း လက်ရှိအချိန်မှာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားကြီး Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Mineski အနေနဲ့ ကစားသမား လက်မဲ့ အနေအထားနဲ့ တည်ရှိနေတာကြောင့် MidOne အပေါ်အခြေခံပြီး အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports