Major ပြိုင်ပွဲ လေးခု ဆက်တိုက် အနိုင်ရရှိဖို့ မျှော်မှန်းထားတဲ့ Astralis CSGO အသင်း ကစားသမား Magisk

Major ပြိုင်ပွဲ လေးခု ဆက်တိုက် အနိုင်ရရှိဖို့ မျှော်မှန်းထားတဲ့ Astralis CSGO အသင်း ကစားသမား Magisk

ပရိုဖက်ရှင်နယ် CSGO အသင်း တစ်သင်းဖြစ်တဲ့ Astralis အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တတုန်းက ကျင်းပ ပြီးစီးသွားတဲ့ IEM Beijing 2019 ပြိုင်ပွဲကြီးမှာ အံ့အားသင့်ဖွယ် ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့ပြီး ပထမဆုကို ထိုက်ထိုက်တန်တန် စွတ်ခူးသွားခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာတော့ Astralis အသင်းရဲ့ ကစားသမား Magisk အနေနဲ့ Astralis အသင်းကို ပြောင်းရွေ့ခဲ့မိတာ ဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း အဖြစ် အချိန် အကြာကြီး ရပ်တည်နိုင်ဖို့ အတွက် Magisk အပါအဝင် အသင်းသားတွေ အားလုံး ရည်မှန်းထားကြောင်း၊ Major ပြိုင်ပွဲ လေးခု ဆက်တိုက်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ အတွက်လည်း မျှော်မှန်းထားကြောင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

ဇူလိုင်လကနေ စတင်ပြီး လက်ရှိအချိန်ထိ Tier 1 CSGO ပြိုင်ပွဲ (၁၀) ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်း (၆) သင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် Magisk အနေနဲ့ Major ပြိုင်ပွဲ လေးခု ဆက်တိုက်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ တကယ်ကို ခက်ခဲတဲ့ ခရီးကြမ်းကြီးကို ဖြတ်သန်းရမှာ အမှန်ပါပဲ။ Astralis အသင်းအနေနဲ့ IEM Beijing 2019 ပြိုင်ပွဲမှာ အနိုင်ယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ အဆင့် (၁) နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Astralis CSGO အသင်း အနေနဲ့ ယခုနှစ် အစောပိုင်းမှာ Team Liquid CSGO အသင်းကို ကမ္ဘာ့ နံပါတ် (၁) နေရာကို လွှဲပြောင်းပေးအပ်ခဲ့ ရပါတယ်။ Team Liquid အနေနဲ့လည်း ကမ္ဘာ့ အဆင့် (၁) နေရာမှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ခြင်း မရှိပဲ မကြာသေးမီ အချိန်ကမှ ဖွဲ့စည်းထားတဲ့ Evil Geniuses CSGO အသင်းကို လွှဲပြောင်းပေးခဲ့ရပါတယ်။

EG CSGO အသင်း အနေနဲ့ ESL One New York, StarSeries i-League Season 8 စတဲ့ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ကမ္ဘာ့ အဆင့် (၁) နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း DreamHack Masters Malmo နဲ့ IEM Beijing ပြိုင်ပွဲတွေမှာ ဆိုးဝါးတဲ့ စွမ်းဆောင်ရည်ကိုသာ ပြသနိုင်ခဲ့တာကြောင့် အခုလို ကမ္ဘာ့အဆင့် (၁) နေရာကို Astralis အသင်းကို ပြန်လည် ပေးအပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Magisk ပြောခဲ့သလို နောက်ကျင်းပသွားမယ့် Major လေးခု ဆက်တိုက်မှာ Astralis အသင်း အနေနဲ့ အနိုင်ရ ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် (၁) နေရာမှာ အချိန်အကြာကြီး ရပ်တည်နေနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports