အထူးပြုလုပ်ထားတဲ့ LV x LoL နာရီတွေကို 2019 LoL World Champion ကစားသမားတွေကို ပေးအပ်သွားတဲ့ Louis Vuitton

အထူးပြုလုပ်ထားတဲ့ LV x LoL နာရီတွေကို 2019 LoL World Champion ကစားသမားတွေကို ပေးအပ်သွားတဲ့ Louis Vuitton

ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က ကျင်းပပြီးဆုံးသွားခဲ့တဲ့ LoL 2019 World Championship ပြိုင်ပွဲကြီးမှာ တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းတစ်ခုဖြစ်တဲ့ FunPlus Phoenix အနေနဲ့ ဗိုလ်လုပွဲစဉ်မှာ G2 Esports ကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး 2019 LoL World Championship ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ FunPlus Phoenix အနေနဲ့ 2019 LoL ရာသီမှာ 2019 LoL World Championship ချန်ပီယံဆုအပြင် LPL Spring, LPL Summer, LPL Summer Championship စတဲ့ ပြိုင်ပွဲတွေမှာလည်း ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် FunPlus Phoenix LoL အနေနဲ့ League of Legends Worlds 2019 Championship ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် နာမည်ကျော် ဇိမ်ခံ အသုံးအဆောင်ပစ္စည်း Brand တစ်ခုဖြစ်တဲ့ Louis Vuitton အနေနဲ့ FunPlus Phoenix LoL အသင်းရဲ့ အသင်းသား တစ်ယောက်ချင်းစီကို အထူးပြုလုပ်ထားတဲ့ LV x LoL နာရီ တစ်လုံးစီ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

အထူး ပြုလုပ်ထားတဲ့ LV x LoL နာရီတွေကို Louis Vuitton အနေနဲ့ FunPlus Phoenix အသင်းသားတွေကို ပေးအပ်ခဲ့ကြောင်းကို Riot Games ရဲ့ အပြည်ပြည်ဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ David Higdon က Twiiter စာမျက်နှာကနေ တစ်ဆင့် တရားဝင် ထုတ်ပြန် ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။

LV အနေနဲ့ World 2019 Champion ဆုဖလားကြီးကို ထည့်သွင်း သိမ်းဆည်းဖို့ အတွက် ဆုဖလား သေတ္တာ ပြုလုပ်ခွင့်ကို Riot Games ဆီကနေ သဘောတူညီချက် ရရှိခဲ့တာကြောင့် အခုလို ပြန်လည် ကျေးဇူး တုံ့ပြန်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်း သုံးသပ်ထားကြပါတယ်။

အထူး ပြုလုပ်ထားတဲ့ LV x LoL နာရီတွေရဲ့ ဈေးနှုန်းကို လက်ရှိ အချိန်ထိ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေမယ့် LV နာရီတွေရဲ့ ထုံးစံအတိုင်း ဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

REF: VpEsports