ESL One LA Major လက်ရည်စစ်ပွဲကို စောစီးစွာ အောင်မြင်ခဲ့တဲ့ SEA အခြေစိုက် Dota 2 အသင်း Fnatic

ESL One LA Major လက်ရည်စစ်ပွဲကို စောစီးစွာ အောင်မြင်ခဲ့တဲ့ SEA အခြေစိုက် Dota 2 အသင်း Fnatic

SEA အခြေစိုက် အင်အားကြီး Dota 2 အသင်း Fnatic အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို စောစီးစွာ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Fnatic Dota 2 အသင်း အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲမှာ Geek Fam, Boom Esports, Cignal Ultra, Lowkey Esports စတဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဥ်ပြိုင်ခဲ့ရပါတယ်။

အုပ်စုတွင်း ပွဲစဥ်တွေမှာ Fnatic အနေနဲ့ Cignal Ultra နဲ့ Lowkey Esports တို့ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပေမယ့် Geek Fam, Boom Esports စတဲ့ Dota 2 အသင်းတွေကို သရေ ရလဒ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် Playoff အဆင့်ကို ဒုတိယနေရာဖြင့်သာ တက်လှမ်းခဲ့ရပါတယ်။

Playoff အဆင့်မှာ အုပ်စုအေရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Dota 2 အသင်း Team Adroit နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဥ်မှာ အနိုင်ရခဲ့တဲ့ အသင်းဟာ ESL One LA Major မှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တာကြောင့် ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ရှုခွင့် ရရှိတော့မယ်လို့ ပရိသတ် အများစုက မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ Team Adroit အခြေစိုက်ရာ နေရာဒေသမှာ အင်တာနက်လိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့တာကြောင့် Team Adroit အနေနဲ့ ပထမ ပွဲစဥ်ကို ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့ပဲ Fnatic Dota 2 အသင်းကို အရှုံးပေးခဲ့ရပါတယ်။ ဒုတိယမြောက် ပွဲစဥ်ကိုတော့ Team Adroit Dota 2 အသင်း အနေနဲ့ Esports ဂိမ်းဆိုင် တစ်ဆိုင်ကို သွားရောက်ပြီး ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း Internet Line မငြိမ်သက်မှုများကြောင့် ပွဲစဥ်ကို ပြီးမြောက်အောင် ယှဥ်ပြိုင်နိုင်ခဲ့ခြင်း မရှိဘဲ ပွဲချိန် ၁၇ မိနစ်ခန့်မှာ Fnatic Dota 2 အသင်းကို ထပ်မံ အရှုံးပေးခဲ့ရပါတယ်။

Fnatic Dota 2 အသင်း အနေနဲ့ ဒုတိယမြောက် ပွဲစဥ်မှာ လူကြီးလူကောင်း ပီသစွာ Internet Line ငြိမ်သက်လာမယ့် အချိန်ထိ စောင့်ဆိုင်းပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း Valve ရဲ့ စည်းမျဥ်းစည်းကမ်းများအရ အသင်း တစ်သင်းလျှင် (၁၀) မိနစ်ခန့်သာ Pause လုပ်ခွင့် ရှိတာကြောင့်Team Adroit အနေနဲ့ အခုလို အရှုံးပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Fnatic Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13 Leipzig Major မှာ အဆင့် 9th – 12thဖြင့်သာ ကျေနပ်ခဲ့ရတာကြောင့် ESL One LA Major မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports