၁၀ နှစ်သက်တမ်း ပြည့်သွားခဲ့ပြီဖြစ်တဲ့ တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး LGD

၁၀ နှစ်သက်တမ်း ပြည့်သွားခဲ့ပြီဖြစ်တဲ့ တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး LGD

တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ LGD Gaming ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ LGD Gaming ကို စတင် တည်ထောင်စဉ် အချိန်က အသင်း လက်အောက်ခံ အသင်း အဖြစ် Dota အသင်း တစ်သင်းသာ ရှိခဲ့ပေမယ့် ယနေ့မှာတော့ နာမည်ကျော်ကြား လူကြိုက်များတဲ့ Esports အသင်းပေါင်း များစွာကို ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ LGD Gaming လက်အောက်မှာ Dota 2 အသင်း၊ League of Legends အသင်း၊ Overwatch အသင်း၊ PUBG အသင်း၊ Clash Royale အသင်း၊ Honor of Kings (Arena of Valor) အသင်း၊ CrossFIre အသင်းစတဲ့ Esports အသင်းပေါင်း များစွာ တည်ရှိနေပြီ ဖြစ်သလို သက်ဆိုင်ရာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ကိုယ်စီ စွတ်ခူးနိုင်နေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ LGD Dota 2 အသင်း အနေနဲ့ ပြင်သစ်လိဂ် (Ligue 1) ရဲ့ နာမည်ကျော် ဘောလုံးအသင်း PSG အသင်းနဲ့ လက်တွဲနိုင်ခဲ့ပြီး ပထမဆုံး Esports ပြင်ပ အားကစားအသင်းနဲ့ လက်တွဲခဲ့တဲ့ Dota 2 အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အခုလို Esport လောကမှာ အောင်မြင်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်နိုင်ခဲ့တဲ့ LGD Gaming အနေနဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

၁၀ နှစ်ပြည့် အခမ်းအနားကို တရုတ်နိုင်ငံ၊ Hangzhou မြို့မှာ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားမှာ LGD Esports အဖွဲ့အစည်းရဲ့ လိုဂိုအသစ်ကိုပါ တစ်ခါတည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၁၀ နှစ်ပြည့် အခမ်းအနားကို LGD Esports အဖွဲ့အစည်း လက်အောက်ခံ အသင်းသား အားလုံး တက်ရောက်ခဲ့ကြပြီး LGD အသင်းနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော် Dota 2 ကစားသမားဟောင်းတွေ၊ အသင်းနဲ့ လမ်းခွဲသွားခဲ့ကြတဲ့ ကစားသမားတွေ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

Dota အသင်းနဲ့အတူ Esports လောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်တာနဲ့အညီ LGD Dota 2 အသင်း အနေနဲ့ ၁၀ နှစ်ပြည့် အခမ်းအနား မကျင်းပမီ တစ်ပတ်ခန့် အလိုထဲက စတင်ပြီး ၁၀ နှစ်ပြည့် အကြို အထိမ်းအမှတ်အဖြစ် Zhejiang တက္ကသိုလ်ကျောင်းသားများနဲ့ တွေ့ဆုံကာ Esports အကြောင်း ဆွေးနွေးခြင်း၊ ပရိသတ်များနဲ့ တွေ့ဆုံခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

LGD New Logo

ဒါ့အပြင် LGD Dota 2 အသင်း အနေနဲ့ LGD Esports အဖွဲ့အစည်း ၁၀ နှစ်ပြည့် အခမ်းအနား မကျင်းပမီ တစ်ရက်အလိုမှာ တရုတ်နိုင်ငံတွင်း Esports အဖွဲ့အစည်းကြီး Perfect World မှ ချီးမြှင့်တဲ့ အကောင်းဆုံး တရုတ်နိုင်ငံ အခြေစိုက် Dota 2 အသင်းဆုကြီးကို ရရှိခဲ့သလို၊ LGD Dota 2 အသင်းရဲ့ Carry ကစားသမား AME အနေနဲ့လည်း အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာကြောင့် ၁၀ နှစ်ပြည့် သွားခဲ့ပြီဖြစ်တဲ့ LGD Esports အဖွဲ့အစည်းရဲ့ဂုဏ်ကျက်သရေကို ထပ်မံ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

သက်တမ်း ၁၀ နှစ်ရှိသွားခဲ့ပြီဖြစ်တဲ့ LGD Esports အဖွဲ့အစည်း အနေနဲ့ နောက်ထပ် နှစ်ပေါင်း များစွာတိုင်အောင် အောင်မြင်တဲ့ Esports အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်သွားနိုင်အောင် ဘယ်လို စီမံကိန်းတွေ ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports