ESL One LA Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ မဟုတ်တဲ့ Vici Gaming

ESL One LA Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ မဟုတ်တဲ့ Vici Gaming

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major အဖြစ် ကျင်းပသွားမယ့် ESL One La Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် ဒေသတွင်း လက်ရည်စစ်ပွဲတွေကို မကြာခင် အချိန်အတွင်းမှာ စတင် ကျင်းပသွားမှာတော့ ဖြစ်တာကြောင့် ပရိုဖက်ရှင်နယ် Dota 2 အသင်း အများစု အနေနဲ့ လက်ရည်စစ်ပွဲမှာ အောင်မြင်မှု ရရှိစေရေး အတွက် အပြင်းအထန် လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိကြပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း Vici Gaming ကတော့ ESL One LA Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ Vici Gaming Dota 2 အသင်းရဲ့ မန်နေဂျာဖြစ်သူ Bai “rOtK” Fan ရဲ့ ပြောကြားချက်များအရ Vici Gaming Dota 2 အသင်းသားတွေ အနေနဲ့ တတိယမြောက် Major မှာ ဝင်ရောက် မယှဥ်ပြိုင်ဖို့ အတွက် ဒီဇင်ဘာလမှာ ကျင်းပသွားခဲ့တဲ့ ONE Esports Dota 2 World Pro Invitation ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့စဥ် အချိန်ကတည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Rotk

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ရောက် မယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်းကိုလည်း Rotk က တစ်ခါတည်း ပြောကြားသွားခဲ့ပါတယ်။ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor ပြိုင်ပွဲတွေ ပြီးဆုံးစဥ် အချိန်အထိ အသင်းကြီး အများစု အနားယူခဲ့ကြပေမယ့် Vici Gaming ကတော့ အနားယူခဲ့ခြင်း မရှိသလို MDL Chengdu Major မှာ ဒုတိယ၊ Leipzig Major မှာ တတိယဆုတို့ကို စွတ်ခူးနိုင်ခဲ့သလို လက်ရှိအချိန်မှာ DPC Ranking ရဲ့ ဒုတိယနေရာမှာ အမှတ်ပေါင်း ၅၁၀၀ ဖြင့် ရပ်တည်လျက် ရှိပါတယ်။

အခုလို Vici Gaming ဝင်ရောက် မယှဥ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ခြင်းက DPC Point လိုအပ်နေတဲ့ အခြားသော တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး အသင်းတွေ အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ တရုတ်ဒေသတွင်း LA Major လက်ရည်စစ်ပွဲတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စတင် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် ဘယ်အသင်းတွေ LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို စွတ်ခူးသွားနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports