အသင်းသစ်ကို မကြာခင်အချိန်အတွင်း ကြေငြာသွားမယ့်အကြောင်း အတည်ပြုပေးလိုက်တဲ့ Kuroky

အသင်းသစ်ကို မကြာခင်အချိန်အတွင်း ကြေငြာသွားမယ့်အကြောင်း အတည်ပြုပေးလိုက်တဲ့ Kuroky

The International 2019 ပြီးဆုံးသွားစဉ် အချိန်မှာ Team Liquid ရဲ့ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ Victor “Nazgul” Goosens အနေနဲ့ Kuroky နဲ့ အခြားသော ကစားသမားတွေဖြစ်တဲ့ W33.ha, Miracle, Mind-Control, GH တို့အနေနဲ့ အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Kuroky အနေနဲ့လည်း ကိုယ်ပိုင် Esport အဖွဲ့အစည်းတစ်ခု တည်ထောင်သွားမှာ ဖြစ်တဲ့အကြောင်းကို အတည်ပြုပေးခဲ့ပေမယ့် အသေးစိတ် အချက်အလက်များကိုတော့ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ESl one Hamburg ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ယခင် Team Liquid ရဲ့ခေါင်းဆောင်ဟောင်း Kuroky အနေနဲ့ Gambit ကိုအနိုင်ယူပြီး ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ TNC Predator အတွက် ဂုဏ်ပြုစကားပြောကြားရင်း သိပ်မကြာခင် အချိန်အတွင်းမှာ အသင်းသစ်ကို ကြေငြာသွားမှာ ဖြစ်တဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် The International 2019 မှာ Liquid ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမား ငါးဦးလုံး အသင်းသစ်၊ အဖွဲ့အစည်းသစ်မှာ အတူတကွ ဆက်လက် တည်ရှိနေမှာဖြစ်တဲ့ အကြောင်းကိုလည်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

“ ပြိုင်ပွဲကို ထိုက်တန်စွာ အနိုင်ယူနိုင်ခဲ့တဲ့ TNC အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ FNG နဲ့ Gambit အသင်းသားတွေ အနေနဲ့လည်း အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကို ပြိုင်ပွဲတစ်လျှောက် ထုတ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း အသစ်ကိုလည်း နောက်ထပ် ကျင်းပသွားမှာ Major/ Minor လက်ရည်စစ်ပွဲ မတိုင်ခင် အချိန်အတွင်းမှာ ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။ ကစားသမား ငါးဦးလုံး အတူတကွ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ အခုလို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ “

Kuroky အနေနဲ့ Team Liquid နဲ့အတူ The International 2017 နောက်ဆုံးအဆင့်မှာ တရုတ်နိုင်ငံ အခြေစိုက် Team Newbee ကို (၃) ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သလို Dota 2 ကစားသမားတိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ TI ဆုဖလား ကိုင်မြောက်ခွင့်ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ TI 7 ကို စွတ်ခူးနိုင်ခဲ့တဲ့ Team Liquid ရဲ့ အသင်းသားတွေကတော့ Matubaman, Miracle, Mind-Control, GH, Kuroky တို့ပဲ ဖြစ်ပါတယ်။

TI 7 ပြီးဆုံးချိန်မှာ ပရိုဖက်ရှင်နယ် Dota 2 အသင်းအများစု အနေနဲ့ ကစားသမား အပြောင်းအရွေ့ပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့ပေမယ့် Team Liquid ကတော့ TI 7 စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား ငါးဦးဖြင့်သာ ဆက်လက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် 2017 – 2018 DPC ရာသီ စတင်ချိန်မှာတော့ Kuroky နဲ့ Team Liquid အဖွဲ့သားတွေ အနေနဲ့ အနိမ့်အမြင့် အတက်အကျပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး The International 2018 မှာလည်း စတုတ္ထဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

2018 – 2019 DPC ရာသီ စတင်ချိန်မှာလည်း Kuroky အနေနဲ့ အသင်းလူစာရင်းကို ပြောင်းလဲပစ်ဖို့‌ ခေါင်းမာစွာနဲ့ ငြင်းဆန်ခဲ့ပြီး ယခင် လူစာရင်းအတိုင်း ဆက်လက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 2018 – 2019 DPC ရာသီဟာ Kuroky နဲ့ အသင်းသားတွေ အတွက် အဆိုးဝါးဆုံး ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ MDL Macau ပြိုင်ပွဲ တစ်ခုတည်းကိုသာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့ပြီး အခြားသော ပြိုင်ပွဲတွေ အများစုမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Team Liquid အနေနဲ့ 2018 – 2019 DPC ရာသီရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ The International 9 ပြိုင်ပွဲ စတင်ဖို့ လအနည်းငယ်ခန့်သာ ကျန်ရှိတော့တဲ့ အချိန်မှာ အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Carry Player Matubaman ကိုအသင်းကနေ ထုတ်ပယ်ပစ်ခဲ့ပြီး နာမည်ရ ကစားသမားတစ်ဦးဖြစ်တဲ့ w33.ha ကိုအစားထိုး ခေါ်ယူခဲ့ပါတယ်။ Matubaman ကို TI 9 စတင်ဖို့ အချိန်အနည်းငယ်သာ ကျန်ရှိတော့တဲ့ အချိန်မှာ ထုတ်ပယ်ပစ်ခဲ့တာကြောင့် အသင်းခေါင်းဆောင် Kuroky တစ်ယောက် အပြစ်တင် ဝေဖန်မှုပေါင်း မြောက်များစွာကို ခံယူခဲ့ရပါတယ်။

ဒါပေမယ့်လည်း အပြစ်တင် ဝေဖန်မှုတွေကို မျက်ကွယ်ပြုပြီး Team Liquid အသင်းသားတွေ အနေနဲ့ TI 9 မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ခဲ့ပြီး Grand Final အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ Grand Final မှာတော့ TI 8 ချန်ပီယံ OG ကို 3-1 ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ Kuroky ရဲ့ The International ဆုဖလားကို နှစ်ထပ်ကွမ်း ပိုင်ဆိုင်လိုတဲ့ စိတ်ကူးလေးလည်း အိပ်မက်အဖြစ်နဲ့သာ ကွယ်ပျောက်သွားခဲ့ရပါတယ်။

အသင်းသား အသစ်ဖြစ်သူ w33.ha နဲ့ (၁) လကျော်ခန့်သာ လေ့ကျင့်ချိန် ရရှိခဲ့ပေမယ့် TI 9 မှာဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ကြိုတင်ပြင်ဆင်မှု အပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖွယ်ရှိတဲ့ 2019-2020 DPC ရာသီမှာ Kuroky နဲ့ အဖွဲ့သားတွေ ဘယ်လို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေ ထုတ်ပြသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ဆိုင်း ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports, Liquipedia