“Cadian” ရဲ့ လက်စွမ်းပြမှုနဲ့အတူ DramHack Open Atlanta ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Heroic CSGO

“Cadian” ရဲ့ လက်စွမ်းပြမှုနဲ့အတူ DramHack Open Atlanta ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Heroic CSGO

DreamHack Open Atlanta ဆိုတာကတော့ DreamHack Esports အဖွဲ့အစည်းမှ ကြီးမှူးကျင်းပတဲ့ A-Tier အဆင့်ရှိ CSGO ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ DreamHack Open Atlanta ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့တော်၊ Georgia World Congress Center မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပရိုဖက်ရှင်နယ် CSGO အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

DreamHack Open Atlanta ပြိုင်ပွဲကို အုပ်စုနှစ်စု ခွဲခြားသတ်မှတ်ပြီး ယှဉ်ပြိုင်စေခဲ့တာ ဖြစ်တာကြောင့် အုပ်စုအေမှာ Heroic, Sprout, Illuminar Gaming, Triumph စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဘီမှာတော့ CR4ZY, Virtus.Pro, INTZ Esports, Chaos Esports Club စတဲ့ ပရိုဖက်ရှင်နယ် CSGO အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ကစားသမား အသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ Heroic CSGO အသင်း အနေနဲ့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး အုပ်စုတွင်း ပွဲစဉ်များမှာ ရှုံးပွဲမရှိ အုပ်စု ပထမနေရာဖြင့် အကြိုဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အကြိုဗိုလ်လုပွဲ အဆင့်မှာ တစ်ချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး CSGO အသင်းတွေထဲမှာ တစ်သင်း အပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Virtus.Pro CSGO အသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Nuke Map မှာ (16-13), Vertigo Map မှာ (16-12) စတဲ့ ရလဒ်တွေနဲ့ (၂) ပွဲပြတ် အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်မှာတော့ DreamHack Open Atlanta CSGO ပြိုင်ပွဲမှာ အနိုင်ရမယ့် အသင်းအဖြစ် ထိပ်ဆုံးမှာ ရေပန်းစားနေတဲ့ CR4ZY CSGO အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း Sprout နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

DreamHack Open Atlanta CSGO ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို Best of (3) Format ဖြင့် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး Heroic အသင်း အနေနဲ့ Sprout CSGO အသင်းကို Train Map မှာ (16-9), Inferno မှာ (16-10) စတဲ့ ရလဒ်တွေနဲ့ နှစ်ပွဲပြတ် အနိုင်ယူနိုင်ခဲ့တာကြောင့် DreamHack Open Atlanta CSGO ပြိုင်ပွဲရဲ့ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ (၅၀၀၀၀) ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Heroic CSGO အသင်းရဲ့ ကစားသမား အသစ်တစ်ဦးဖြစ်တဲ့ AWP ကစားသမား CadiaN အနေနဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းမွန်ဆုံး လက်စွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် DreamHack Open Atlanta ပြိုင်ပွဲရဲ့ MVP ဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

CadiaN ဆိုတာကတော့ CSGO ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Curdian အနေနဲ့ နာမည်ကြီး CSGO အသင်းတွေဖြစ်တဲ့ SK Gaming, Rogue, North စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးသလို ကစားသမား သက်တမ်း တစ်လျှောက်မှာလည်း အောင်မြင်မှု များစွာကို စွတ်ခူးနိုင်ခဲ့တာကြောင့် အသင်းသစ် Heroic နဲ့အတူ အောင်မြင်မှုတွေ ထပ်မံ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports