အရှုံးကနေ သင်ယူစရာ အများအပြား တွေ့ရှိခဲ့ကြောင်း ပြောကြားသွားခဲ့တဲ့ Team Spirit Offlaner Ghostik

အရှုံးကနေ သင်ယူစရာ အများအပြား တွေ့ရှိခဲ့ကြောင်း ပြောကြားသွားခဲ့တဲ့ Team Spirit Offlaner Ghostik

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ဖြစ်တဲ့ MDL Chengdu Major CIS ဒေသ လက်ရည်စစ်ပွဲတွေမှာ Team Spirit (ယခင် Positive Guys) Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် MDL Chengdu Major မှာလည်း ရလဒ်ကောင်းတွေ ဖော်ဆောင်သွားနိုင်ဖို့ အတွက် CIS ဒေသတွင်း ပရိသတ်တွေ အနေနဲ့ မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Team Sprit Dota 2 အနေနဲ့ MDL Chengdu Major မှာ အောက်ဆုံး လေးသင်း အဆင့်မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် CIS ဒေသတွင်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေလည်း ပျက်သုန်းသွားခဲ့ရပါတယ်။ အခုလို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Team Spirit အဖွဲ့သားတွေ အနေနဲ့ စိတ်ပျက်သွားမှာ မဟုတ်ကြောင်း အရှုံးကနေ သင်ယူစရာ အများအကြား တွေ့ရှိခဲ့ကြောင်း Team Spirit အသင်းရဲ့ Offlaner Ghostik ကတော့ VP Esports နဲ့ အင်တာဗျူး ကဏ္ဍမှာ ပြောကြားသွားခဲ့ပါတယ်။

Q: မင်္ဂလာပါ Ghostik။ အခုလို ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာသွားခဲ့ရတဲ့ အတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ခင်ဗျားတို့အသင်း အနေနဲ့ Vici Gaming, Alliance, Fnatic စတဲ့ ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားခဲ့တဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဉ်ပြိုင်ခဲ့ရတာကြောင့် အခုလို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ တကယ်လို့ အခြား အုပ်စုကနေသာ ယှဉ်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင် MDL Chengdu Major မှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့ ခင်ဗျားရော ထင်မိလား ဆိုတာကို ဖြေကြားပေးပါဦး။

A: ကျွန်တော်ကတော့ အုပ်စုကြောင့် အခုလို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မထင်ဘူးဗျ။ ကျွန်တော်တို့ ကစားပုံ အမှားအယွင်းတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိမှုတွေကြောင့် ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာလို့ပဲ ထင်မြင်မိပါတယ်။ ကျွန်တော်တို့တွေ လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားစဉ် အချိန်ကတည်းက လေ့ကျင့်မှုပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့ကြပေမယ့် စိတ်ဓာတ်ရေးရာပိုင်းနဲ့ ပတ်သတ်ပြီး ကြိုတင် ပြင်ဆင်ခဲ့ကြခြင်း မရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ အသင်းရဲ့ အချို့သော ကစားသမားတွေက ပြိုင်ပွဲအတွေ့အကြုံလည်း နည်းပါးသေးတယ်လေ။ ဒီအချက်တွေကြောင့် ရှုံးနိမ့်ခဲ့တာလို့ပဲ ထင်မြင်မိပါတယ်။

Q: တကယ်လို့ Ehome နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ရှုံးထွက်ပွဲစဉ်မှာ Hero Drafting ကို ပြင်ဆင်ခွင့် ရခဲ့မယ်ဆိုရင် အနိုင်ရနိုင်မယ်လို့ ထင်မိပါသလား။ ဘာဖြစ်လို့လည်းဆိုတော့ Carry Position အတွက် Void ကို ရွေးချယ်ခဲ့ပြီး နောက်ထပ် Melee Hero ၃ ကောင် ထပ်ယူခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိတယ်။

A: Drafting ကြောင့်တော့ ပြောလို့မရဘူးဗျ။ အဓိက အချက်ကတော့ ကျွန်တော်တို့ အသုံးမကျခဲ့တာပါ။ ကျွန်တော်တို့တွေ Faceless Void ကို အသုံးပြုဖို့ စဉ်းစားခဲ့ပေမယ့် Abaddon ကို Ban ဖို့အတွက် မေ့လျော့ခဲ့ကြတယ်လေ။ နောက်ပြီးတော့ ကျွန်တော်တို့ လေ့ကျင့်ခဲ့တဲ့ ပွဲစဉ်တစ်လျှောက်မှာ ပြိုင်ဘက်အသင်းက Offlane Abaddon ကို ရွေးချယ်ခဲ့ရင်တောင် Faceless Void Carry နဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ဒီအချက်ကို စိုးရိမ်စရာ မရှိလောက်ဘူးလို့ ထင်ခဲ့မိကြတယ်လေ။ ဒါပေမယ့် Ehome နဲ့ ရှုံးထွက်ပွဲစဉ်မှာ Faith_Bian ရဲ့ Abaddon က ကျွန်တော်တို့ အသင်းကို ရှုံးနိမ့်မှုတွေ ရင်ဆိုင်စေရတဲ့အထိ အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တယ်လေ။

Q: MDL Chengdu Major ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အတွက် ခင်ဗျားတို့ အသင်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ထင်ပါသလား။ မကြာခင် အချိန်အတွင်းမှာ ထွက်ရှိလာမယ့် Dota 2 Patch ကရော အသင်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ထင်မိပါသလား။

A: MDL Chengdu Major ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အတွက် ကျွန်တော် အပါအဝင် အသင်းသားတွေ အားလုံး အနေနဲ့ အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်။ Patch အသစ်က အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိမရှိကိုတော့ မပြောတတ်သေးဘူးဗျ။ အသစ်ထွက်လာမယ့် Outlanders Update မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ပါဝင်လာဖို့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ အပြောင်းအလဲတွေကြောင့် အသင်းအပေါ် ကောင်းကျိုးတွေကို ဖြစ်ပေါ်စေမလား၊ ဆိုးကျိုးတွေကိုပဲ ဖြစ်စေမလား ဆိုတာကိုတော့ Patch ထွက်လာတဲ့ အချိန်မှ သိနိုင်မှာလေ။

Q: Outlanders Update မှာ ဘယ်လို အပြောင်းအလဲတွေ ပါလာဖို့အတွက် မျှော်လင့်ထားတယ် ဆိုတာကို ဖြေကြားပေးပါဦး။

အခု Patch ထွက်ကာစ အချိန်တုန်းကလည်း အပြောင်းအလဲ ကြီးကြီးမားမားတွေ ပါလာခဲ့တာကြောင့် အသစ်ထွက်လာမယ့် Outlanders Update မှာ မြေပုံ ပြောင်းလဲမှုတွေ၊ Bounty Rune ပေါ်တဲ့ အချိန် အပြောင်းအလဲတွေ ပါလာစေဖို့ မျှော်လင့်မိပါတယ်။ နောက်ပြီးတော့ Lane Creeps, Neutral Creeps ကနေ ရရှိနိုင်တဲ့ ငွေပမာဏ အပြောင်းအလဲတွေ၊ Neutral Creeps Camp အသစ်တွေ ပါလာစေဖို့ အတွက် မျှော်လင့်မိပါတယ်။

Q: Team Spirit Dota 2 အသင်း ကိုယ်စားပြု ကစားဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါဦး။

A: ကျွန်တော်တို့ အသင်း (Positive Guys) ကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်ကတည်းက Team Spirit နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လက်ရည်စစ်ပွဲ ကာလတစ်လျှောက်မှာလည်း Team Spirit အဖွဲ့အစည်းရဲ့ Bootcamp ကနေ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရည်စစ်ပွဲ ကာလမှာ Team Spirit ကိုယ်စားပြု ကစားသွားမှာ ဖြစ်တဲ့အကြောင်း မကြေငြာခဲ့တာက တကယ်လို့ လက်ရည်စစ်ပွဲမှာ အောင်မြင်မှု ရရှိခဲ့ခြင်း မရှိဘူးဆိုရင် Team Spirit ဘက်ကလည်း ကျွန်တော်တို့ကို စာချုပ်ချုပ်ဖို့အတွက် ကမ်းလှမ်းချင်မှ ကမ်းလှမ်းတော့မှာလေ။ ဒါကြောင့် လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားမှ Team Spirit ကိုယ်စားပြု ကစားသွားမှာဖြစ်တဲ့ အကြောင်းကို တရားဝင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Q: လက်ရှိအချိန် အသင်းရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကိုလည်း ပြောပြပေးပါဦး။ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Major/ Minor လက်ရည်စစ်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက်ရော အသင့်ဖြစ်နေခြင်း ရှိမရှိ ဆိုတာကို ဖြေကြားပေးပါဦး။

A: ကျွန်တော်တို့ MDL Chengdu Major မှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အသင်းရဲ့ စိတ်ဓာတ်ရေးရာကို ထိခိုက်ခဲ့ခြင်း မရှိပါဘူး။ ရှုံးနိမ့်မှုတွေကနေ တစ်ဆင့် အတွေ့အကြုံကောင်းတွေကို ရရှိခဲ့သလို၊ သင်ယူစရာတွေ အများကြီး ရှိနေသေးကြောင်းလည်း သိရှိခဲ့ရပါတယ်။ ဒါကြောင့် နောက်ကျင်းပသွားမယ့် လက်ရည်စစ်ပွဲတွေမှာလည်း အောင်မြင်မှုတွေ စွတ်ခူးနိုင်မယ်လို့ ထင်မြင်မိပါတယ်။

Q: ပထမဆုံး Major, Minor ပြိုင်ပွဲနှစ်ခုလုံးမှာ CIS ကိုယ်စားပြု အသင်းတွေ အနေနဲ့ အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ TI 9 ပြီးဆုံးပြီး နောက်ပိုင်း ကစားသမား အပြောင်းအရွေ့တွေက CIS Dota လောကအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေခြင်း ရှိမရှိ ဆိုတာကို ဖြေကြားပေးပါဦး။

A: ဒီကိစ္စကတော့ ဖြေရှင်းရ ခက်တယ်ဗျ။ အရင်နှစ်တွေတုန်းက CIS ဒေသတွင်း အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ Virtus Pro က CIS ဂုဏ်ကို အစွမ်းကုန် မြှင့်တင်ပေးနိုင်ခဲ့တယ်လေ။ VP ကြောင့်ပဲ CIS Dota 2 လောကမှာ အင်အားကြီး အသင်းတွေ အများကြီး တည်ရှိနေတယ်လို့ ပရိသတ်တွေက ထင်မြင်ယူဆခဲ့ကြတာပါ။ ဒါပေမယ့် TI 9 ပြီးဆုံးပြီး နောက်ပိုင်းမှာ CIS Dota 2 လောကမှာ လုံးဝ ထင်မှတ်မထားတဲ့ ကစားသမား အပြောင်းအရွေ့တွေ ပေါ်ပေါက်လာခဲ့တယ်။ အခုအချိန်မှာ အသင်းတိုင်းက အစကနေ ပြန်လည် စတင်နေတုန်းပဲ ရှိပါသေးတယ်။ ဒါကြောင့် အချိန်တစ်ခုအထိ ပရိသတ်တွေကို သည်းခံစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

အခုလို အချိန်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ Team Spirit အပါအဝင် CIS ဒေသတွင်း အသင်းတွေ အားလုံး အရင် အချိန်တွေတုန်းကလို အောင်မြင်မှုတွေ ပြန်လည် စွတ်ခူးနိုင်ဖို့ အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်။

REF: VpEsports