ဘွန်ဒက်လီဂါပြိုင်ပွဲဝင် ဘောလုံး အသင်းတစ်သင်းရဲ့ စိတ်ပညာရှင်ကို ငှားရမ်း အသုံးပြုသွားမှာဖြစ်တဲ့ Dota 2 အသင်း Reality Rift

ဘွန်ဒက်လီဂါပြိုင်ပွဲဝင် ဘောလုံး အသင်းတစ်သင်းရဲ့ စိတ်ပညာရှင်ကို ငှားရမ်း အသုံးပြုသွားမှာဖြစ်တဲ့ Dota 2 အသင်း Reality Rift

အားကစားပိုင်းဆိုင်ရာ စိတ်ပညာရှင်တွေကို Esports ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ မြှင့်တင်ပေးနိုင်ဖို့ အတွက် နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ခန့်က စတင်ကာ အသုံးပြုလာခဲ့ကြပါတယ်။

Mia Stellberg

နာမည်ကျော် CSGO အသင်း တစ်သင်းဖြစ်တဲ့ Astralis အနေနဲ့ 2016-2017 CSGO ရာသီမှာ အောင်မြင်မှု‌ပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းပြချက်က အသင်းရဲ့ စိတ်ပညာရှင် Mia Stellberg ကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သလို TI နှစ်ထပ်ကွမ်း ချန်ပီယံ OG Dota 2 အသင်း အနေနဲ့ TI 9 ပြိုင်ပွဲ ကာလ တစ်လျှောက် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်ဖို့ အတွက် Mia Stellberg ကို ငှားရမ်း အသုံးပြုခဲ့ပါတယ်။

ယခုအခါမှာတော့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် SEA အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း Reality Rift အနေနဲ့လည်း Leipzig Major ပြိုင်ပွဲတစ်လျှောက် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို မြှင့်တင်ပေးနိုင်ဖို့ အတွက် ဘွန်ဒက်လီဂါပြိုင်ပွဲဝင် ဘောလုံး အသင်းတစ်သင်းရဲ့ စိတ်ပညာရှင်ကို ငှားရမ်း အသုံးပြုသွားမှာဖြစ်ကြောင်း အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

Reality Rift Dota 2 အသင်းကို SEA ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ AlaCrity, kYxY, NutZ တို့ဖြင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့အပြင် Reality Rift Dota 2 အသင်း အတွက် Leipzig Major ပြိုင်ပွဲက ပထမဆုံး ဝင်‌ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် အခုလို ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ဘွန်ဒက်လီဂါ ပြိုင်ပွဲဝင် ဘောလုံးအသင်း တစ်သင်းရဲ့ စိတ်ပညာရှင်ကို ကာလတို ငှားရမ်း အသုံးပြုသွားမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး Reality Rift Dota 2 အသင်းရဲ့ CEO ဖြစ်သူ Ilya Vlasov ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Reality Rift Dota 2 အသင်း Leipzig Major ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိစေဖို့ အတွက် ကြိုတင် လေ့ကျင့်နေစဉ် ကာလနဲ့ ပြိုင်ပွဲကာလအတွင်းမှာ ဘွန်ဒက်လီဂါ ပြိုင်ပွဲဝင် ဘောလုံးအသင်း တစ်သင်းရဲ့ စိတ်ပညာရှင် တစ်ဦးကို ငှားရမ်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အခုလို စိတ်ပညာရှင် တစ်ဦးနဲ့ တွဲဖက် အလုပ်လုပ်ရမှာဖြစ်တဲ့ အတွက် ကျွန်တော် အပါအဝင် အသင်းသားတွေ အားလုံး အနေနဲ့ စိတ်လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။”

Reality Rift Dota 2 Rosters

ဒါ့အပြင် Ilya Vlasov အနေနဲ့ Leipzig Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် Reality Rift Dota 2 အသင်းသား အားလုံး ဗီဇာကိုယ်စီ ရရှိထားကြပြီဖြစ်ကြောင်း၊ Leipzig Major ကို ဝင်ရောက် မယှဉ်ပြိုင်ခင် အချိန်ကာလမှာ ဘီလာရုစ်နိုင်ငံ၊ Minsk မြို့မှာ Camp သွင်းပြီး အပြင်းအထန် လေ့ကျင့်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

REF: AfkGaming