ကျန်ရှိနေတဲ့ ကစားသမား တစ်နေရာစာ အတွက် ခေါ်ယူမှုကို ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တဲ့ Gen.G CSGO

ကျန်ရှိနေတဲ့ ကစားသမား တစ်နေရာစာ အတွက် ခေါ်ယူမှုကို ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တဲ့ Gen.G CSGO

Gen.G ဆိုတာကတော့ အောင်မြင်တဲ့ Esports အသင်းပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Gen.G Esports အဖွဲ့အစည်း အနေနဲ့ Esports ကဏ္ဍအများစုမှာ ကျင်လည်လျက် ရှိပေမယ့် CSGO လောကကိုတော့ ယခုအခါမှသာ ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

CSGO လောကကို ယခုမှသာ စတင် ဝင်ရောက်လာတာ ဖြစ်ပေမယ့်လည်း အောင်မြင်မှုတွေကို အမြန်ဆုံး သိမ်းပိုက်နိုင်ရန် အတွက် Gen.G Esports အဖွဲ့အစည်း အနေနဲ့ Cloud 9 အသင်းရဲ့ နာမည်ကျော် ကစားသမား သုံးဦးဖြစ်သူ Autimatic, Daps, Koosta တို့ကို ခေါ်ယူခဲ့သလို Envy အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ sOm ကိုလည်း Gen.G ကိုယ်စားပြု CSGO အသင်းမှာ ဝင်ရောက် ကစားရန် အတွက် ခေါ်ယူခဲ့ပါတယ်။

s0m

ယခုအခါမှာတော့ အသင်းအတွက် လိုအပ်နေတဲ့ နောက်ဆုံး ကစားသမား တစ်နေရာစာ အတွက် ခေါ်ယူမှုကို ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း Gen.G Esports အဖွဲ့အစည်း အနေနဲ့ တရားဝင်‌ ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။ Gen.G CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် နောက်ဆုံး ကစားသမားကတော့ TYLOO CSGO အသင်းရဲ့ နာမည်ကျော် ကစားသမား BnTet ပဲ ဖြစ်ပါတယ်။

BnTet ဆိုတာကတော့ အသက် (၂၄) နှစ်အရွယ်၊ အင်ဒိုနီးရှားနိုင်ငံသား CSGO ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ BnTet အနေနဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကို ၂၀၁၆ ခုနှစ် အစောပိုင်း ကာလမှ စတင် ခံယူခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး TYLOO လက်အောက်ခံ CSGO အသင်းမှာ ဝင်ရောက် ကစားရန် အတွက် ၂၀၁၇ ခုနှစ် အစောပိုင်း ကာလမှာ ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။

BnTet

TYLOO CSGO အသင်း အနေနဲ့ ၂၀၁၈၊ ၂၀၁၉ CSGO ရာသီတွေမှာ အောင်မြင်မှု အနည်းငယ်ကိုသာ စွတ်ခူးနိုင်ခဲ့တဲ့ အပြင် ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ StarLadder Berlin Major မှလည်း နောက်ဆုံး အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို မကြာသေးမီ အချိန်က ကျင်းပြီးစီးသွားခဲ့တဲ့ ESL Pro League Season 10 Finals မှာလည်း အုပ်စုအဆင့်ကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

BnTet

ဒါကြောင့်လည်း အောင်မြင်မှုတွေကို အမြဲတမ်း ဆာလောင် ငတ်မွတ်နေတဲ့ BnTet တစ်ယောက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Gen.G CSGO အသင်းကို ပြောင်းရွေ့ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။ BnTet အနေနဲ့ လက်ရှိအချိန်မှာ TYLOO CSGO အသင်းနဲ့အတူ ဆက်လက် တည်ရှိနေဦးမှာဖြစ်ပြီး IEM Asia လက်ရည်စစ်ပွဲ ပြီးဆုံးသွားတဲ့ အချိန်မှသာ Gen.G CSGO အသင်းနဲ့ သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

Gen.G CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Timothy “Autimatic” Ta
  • Damian “Daps” Steele
  • Kenneth “Koosta” Suen
  • Sam “sOm” Oh
  • Hansel “BnTet” Ferdinand
  • Chris “Elmapuddy” Tebbit (Coach)

REF: VpEsports