ကစားသမား (၈) ဦးကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း Gen.G Esports

ကစားသမား (၈) ဦးကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း Gen.G Esports

ပရိုဖက်ရှင်နယ် LoL အသင်း Gen.G အနေနဲ့ 2020 LoL ရာသီ မစတင်ခင် အချိန်မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ပြုလုပ်ဖို့ အတွက် ဆုံးဖြတ်ထားပုံပါပဲ။ Gen.G Esports အဖွဲ့အစည်း အနေနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Gen.G LoL အသင်းရဲ့ နာမည်ကျော် ကစားသမားတွေ အပါအဝင် ကစားသမား (၈) ဦးကို အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Gen.G LoL အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်တဲ့ အထဲမှာ LoL လောကရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Han “Peanut” Wang Ho, Lee “CuVee” Seong Jin တို့လည်း ပါဝင်ခဲ့ပါတယ်။ Peanut အနေနဲ့ ၂၀၁၇ ခုနှစ်မှာ SK Telecom T1 အသင်းနဲ့အတူ 2017 Mid-Season Invitational ပြိုင်ပွဲကြီးမှာ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို၊ LoL Worlds 2017 ပြိုင်ပွဲမှာလည်း ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Cuvee အနေနဲ့လည်း ၂၀၁၆ ခုနှစ်မှာ Samsung Galaxy LoL အသင်းနဲ့အတူ LoL Worlds 2016 ပြိုင်ပွဲကြီးမှာ ဒုတိယ၊ ၂၀၁၇ ခုနှစ်မှာ Samsung Galaxy LoL အသင်းနဲ့အတူ LoL Worlds 2017 ပြိုင်ပွဲကြီးမှာ ပထမဆုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

အခုလို အောင်မြင်မှုတွေ အသီးသီးကို စွတ်ခူးနိုင်ခဲ့တဲ့ အတွက် ၂၀၁၈ ခုနှစ်မှာ CuVee နဲ့ Peanut တို့ကို Gen.G LoL အသင်းအနေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Gen.G LoL အသင်းအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ထင်မသလောက် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိသလို LoL Worlds 2018 ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာ‌ ထင်သလောက် အောင်မြင်မှုတွေ ရရှိခဲ့ခြင်း မရှိပေမယ့် ကစားသမား စာရင်းမှာ ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း မရှိပဲ 2019 LoL ရာသီမှာ ဆက်လက် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတော့ Gen.G LoL အသင်းအတွက် ကံဆိုးမှု များစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမျိုးစုံမှာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို 2019 LoL Worlds Championship ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် Gen.G LoL အသင်းအနေနဲ့ အခုလို အသင်းရဲ့ ကစားသမား (၈) ဦးကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် Gen.G LoL အသင်းမှာ Bot Lane ကစားသမား Park “Ruler” Jae Hyuk နဲ့ Support ကစားသမား Kim “Life” Jeong Min တို့သာ ကျန်ရှိပါတော့တယ်။ လစ်လပ်သွားတဲ့ နေရာတွေ အတွက် အစားထိုးသွားမယ့် ကစားသမား စာရင်းနဲ့  ပတ်သတ်ပြီး လက်ရှိအချိန်ထိ Gen.G အသင်းဘက်က တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

Gen.G အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်တဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • CuVee (Top Laner)
  • Roach (Top Laner)
  • Peanut (Jungler)
  • SeongHwan (Jungler)
  • Fly (Mid Laner)
  • Kuzan (Mid Laner)
  • Rich (Mid Laner)
  • Asper (Substitute)

REF: VpEsports