CSGO လောကထဲကို ပထမဆုံး အကြိမ် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်း Gen.G

CSGO လောကထဲကို ပထမဆုံး အကြိမ် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်း Gen.G

Gen.G ဆိုတာကတော့ ကမ္ဘာ့ တန်ဖိုး အမြင့်မားဆုံး Esports အဖွဲ့အစည်းတွေမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Gen.G အနေနဲ့ CSGO လောကထဲကို ယခုအချိန်မှ စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် အခြားသော Esports ဂိမ်းအမျိုးအစားတွေဖြစ်တဲ့ PUBG, League of Legends, NBA2K, Fortnite, Clash Royale, Apex Legends, Call of Duty, Overwatch စတဲ့ ဂိမ်းအမျိုးအစားတွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။

မကြာသေးခင် အချိန်တုန်းက CSGO လောကထဲကို နာမည်ကျော် Esports အဖွဲ့အစည်းတွေ စတင် ဝင်ရောက်လာခြင်းနဲ့အတူ နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Gen.G Esports အနေနဲ့လည်း CSGO လောကထဲကို ဝင်ရောက် လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။

Autimatic

ယခုအခါမှာတော့ ကောလာဟလတွေ အတိုင်း Gen.G Esports အနေနဲ့ CSGO လောကထဲကို ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ Gen.G CSGO အသင်းမှာ မြောက်အမေရိက အခြေစိုက် နာမည်ကျော် CSGO အသင်း Cloud 9 ရဲ့ ကစားသမား သုံးဦး အနေနဲ့ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Daps

Cloud 9 အနေနဲ့ ယခင်အချိန်တုန်းက မေဂျာပြိုင်ပွဲတွေမှာ ပထမဆုံး အနိုင်ယူနိုင်ခဲ့တဲ့ မြောက်အမေရိက အခြေစိုက် CSGO အသင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပေမယ့်လည်း ELEAGUE Boston Major မှာ အနိုင်ရရှိပြီး နောက်ပိုင်းမှာ ကစားသမား အပြောင်းအရွေ့တွေနဲ့အတူ ဆိုးဝါးတဲ့ ရလဒ်တွေကိုသာ ပိုင်ဆိုင်ခဲ့ရပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Cloud 9 အသင်း အနေနဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Autimatic, Daps, Koosta တို့ကို ထပ်မံ ဆုံးရှုံးလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

Koosta

အသစ်ဖွဲ့စည်းလိုက်တဲ့ Gen.G CSGO အသင်းမှာ Autimatic, Daps, Koosta တို့ အနေနဲ့ ဝင်ရောက် ကစားသွားမှာ ဖြစ်တဲ့အပြင် Cloud 9 အသင်းရဲ့ လက်ထောက် နည်းပြဖြစ်သူ Chris “Elmapuddy” Tebbit အနေနဲ့လည်း Gen.G CSGO အသင်းရဲ့ နည်းပြချုပ် အဖြစ် ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Gen.G CSGO အသင်းအတွက် လိုအပ်နေတဲ့ ကစားသမား နှစ်နေရာ အတွက် မည်သည့် ကစားသမားတွေကို ခေါ်ယူသွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် Gen.G Esports အဖွဲ့အစည်းကတော့ မကြာမီ အချိန်အတွင်းမှာ ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြောက်အမေရိက CSGO လောကကို နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Liquid၊ Gen.G နည်းတူ မကြာသေးခင် အချိန်ကမှ CSGO လောကထဲကို ဝင်ရောက်လာခဲ့တဲ့ Evil Geniuses CSGO အသင်းတို့က အုပ်စိုးထားလျက် ရှိတာကြောင့် Gen.G Esports အဖွဲ့အစည်း အနေနဲ့ အခြားသော Esports အမျိုးအစားတွေမှာလို CSGO လောကမှာလည်း အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက်‌ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports