Cloud 9 CSGO အသင်းရဲ့ ကြယ်ပွင့်ကစားသမား နှစ်ဦးကို ခေါ်ယူရန်အတွက် ဆွေးနွေးနေတဲ့ Gen.G CSGO

Cloud 9 CSGO အသင်းရဲ့ ကြယ်ပွင့်ကစားသမား နှစ်ဦးကို ခေါ်ယူရန်အတွက် ဆွေးနွေးနေတဲ့ Gen.G CSGO

Gen.G Esports အဖွဲ့အစည်း ဆိုတာကတော့ Call of Duty, League of Legend, Overwatch စတဲ့ Gaming လောကတွေမှာ နေရာတစ်ခု ရယူထားနိုင်တဲ့ Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအခါမှာ CSGO အသင်း တစ်ခုကို ဖွဲ့စည်းရန် အတွက် ပြင်ဆင်လျက်ရှိပြီး Gen.G CSGO အသင်းအတွက် ပထမဆုံး ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် Cloud 9 CSGO အသင်းနဲ့ စတင် ဆွေးနွေးနေခဲ့ပြီ ဖြစ်ပါတယ်။

Cloud 9 အနေနဲ့လည်း ဇူလိုင်လမှာ အသင်းရဲ့ ကစားသမား စာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အရှုံးတွေနဲ့သာ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ESL Pro League Season 10, Blast Pro Series: Copenhagen, DreamHack Dallas စတဲ့ ပြိုင်ပွဲတွေမှာ အကြီးအကျယ် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမယ့် DreamHack Open Atlanta ပြိုင်ပွဲကနေလည်း နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Cloud 9 အသင်းအနေနဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ Damien “Daps” Steele နဲ့ Timothy “Autimatic” Ta တို့ကလည်း CSGO လောကထဲကို စတင် ခြေချလာတဲ့ Gen.G Esports အဖွဲ့အစည်းရဲ့ CSGO အသင်းသစ်မှာ စတင် ကစားဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။

Geg.G Esports အဖွဲ့အစည်း အနေနဲ့ Cloud 9 ရဲ့ ကြယ်ပွင့် ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းနေတဲ့ အပြင် CR4ZY CSGO အသင်းရဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ ShiPZ ကိုလည်း ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ShiPZ ဟာဆိုရင် CR4ZY CSGO အသင်းကို အောက်တိုဘာလ (၄) ရက်နေ့ကမှ Windigo အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ CR4ZY အသင်းကို ရောက်ရှိပြီး ရက်ပိုင်းအတွင်းမှာပဲ CR4ZY အသင်းနဲ့အတူ ShiPZ တစ်ယောက် DreamHack Open Rotterdam 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ဒါကြောင့်လည်း အခုလို လက်စွမ်းလက်စရှိတဲ့ လူငယ်ကစားသမားလေး ShiPZ ကို Gen.G Esports အဖွဲ့အစည်း အနေနဲ့ အသစ် ဖွဲ့စည်းသွားမယ့် CSGO အသင်းအတွက် ခေါ်ယူဖို့ မျက်စိကျနေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gen.G Esports အဖွဲ့အစည်း အနေနဲ့ Cloud 9 CSGO အသင်းရဲ့ နောက်ထပ် ကစားသမားတွေဖြစ်တဲ့ “Mixwell” နဲ့ “Koosta” တို့ကိုလည်း ခေါ်ယူဖို့ အတွက် ကြံစည်လျက် ရှိတယ်လို့ သိရပါတယ်။

တကယ်လို့ Gen.G Esports အဖွဲ့အစည်း အနေနဲ့ လိုချင်တဲ့ ကစားသမားတွေကိုသာ အမိအရ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ မြောက်အမေရိက ဒေသတွင်း အင်အားကြီး CSGO အသင်း တစ်သင်း ထပ်မံ ပေါ်ထွက်လာမှာ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း CSGO အပြောင်းအရွေ့ ရာသီဟာ နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ပိတ်သိမ်းတော့မှာ ဖြစ်တာကြောင့် Gen.G Esports အဖွဲ့အစည်း အနေနဲ့ ကစားသမား ခေါ်ယူမှုတွေကို နိုဝင်ဘာလ (၁၅) ရက်နေ့ မတိုင်မီ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports