Geek Fam Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ DuBu

Geek Fam Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ DuBu

အရှေ့တောင်အာရှ အခြေစိုက် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Geek Fam အနေနဲ့ အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Support ကစားသမားလည်းဖြစ်တဲ့ Kim “DuBu” Doo Young တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ DuBu အနေနဲ့ 2019-2020 DPC ရာသီမှာ ဝင်ရောက် ယှဥ်ပြိုင်ရန် အတွက် Geek Fam Dota 2 အသင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ လာရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

Geek Fam Dota 2

Geek Fam Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ Major ပြိုင်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ခြင်း မရှိသလို ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ Dota Summit 11 Minor ပြိုင်ပွဲနဲ့ WePlay! Bukovel Minor ပြိုင်ပွဲတွေမှာလည်း ထင်သလောက် ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အခုလို DuBu တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Geek Fam Dota 2 အသင်းဘက်ကတော့ အခုလိုပဲ ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အချိန်တစ်ခု ကြာမြင့်တဲ့ အထိ ရှိနေပေးခဲ့တဲ့ အတွက် DuBu ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ DuBu လို အရည်အချင်း ပြည့်ဝတဲ့ ကစားသမား တစ်ဦးကို အသင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပိုင်ဆိုင်ခွင့် ရရှိခဲ့တဲ့ အတွက်လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်လျှောက်မယ့် ဘဝ လမ်းခရီးမှာလည်း DuBu တစ်ယောက် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”

GeekFam အနေနဲ့ Dota Summit 11 Minor ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာ အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Ryoya ကို ထုတ်ပယ်ခဲ့ပြီး အရှေ့တောင်အာရှ အခြေစိုက် ကစားသမား တစ်ဦးဖြစ်သူ Karl “Karl” Jayme ကို အစားထိုး ခေါ်ယူခဲ့တာကြောင့် အခုလို DuBu တစ်ယောက် ထပ်မံ ထွက်ခွာသွားခဲ့ခြင်းကြောင့် ကစားသမား နောက်ထပ် အသစ်တစ်ဦး ထပ်မံ ရှာဖွေဖို့ လိုအပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

DuBu

လက်ရှိအချိန်မှာ DuBu နေရာ အစားထိုးသွားမယ့် ကစားသမားနဲ့ ပတ်သတ်ပြီး Geek Fam ဘက်က ကြေငြာခြင်း မရှိသေးပေမယ့် SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Ninjaboogie, 343, Eyyou တို့ အထဲက တစ်ဦးဦးကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။

REF: OneEsports, VpEsports