Min Liang Tan သို့မဟုတ် ယနေ့ခေတ် Luxury Gaming လောကရဲ့ အရှင်သခင် Razer.Inc ကို ပြုစု ပျိုးထောင်ခဲ့သူ

Min Liang Tan သို့မဟုတ် ယနေ့ခေတ် Luxury Gaming လောကရဲ့ အရှင်သခင် Razer.Inc ကို ပြုစု ပျိုးထောင်ခဲ့သူ

Min Liang Tan ဆိုတာကတော့ ယနေ့ခေတ်မှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ Gaming ကွန်ပြူတာတွေ၊ Gaming စမတ်ဖုန်းတွေ၊ Gaming ဆက်စပ် ပစ္စည်းတွေကို ထုတ်လုပ် ရောင်းချလျက်ရှိတဲ့ နာမည်ကျော် Razer.Inc ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

Min Liang Tan ကို ၁၉၇၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းတွေထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ Min Liang Tan ကို စင်ကာပူနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်တာနဲ့အညီ ငယ်ရွယ်စဉ် အချိန်တတည်းက အင်္ဂလိပ် စကားနဲ့ မန်ဒရင်း တရုတ်စကားတို့ကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနိုင်ခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံမှာ မွေးဖွားခဲ့သူ တစ်ဦးဖြစ်တာနဲ့အညီ ငယ်ရွယ်စဉ်အချိန်ကတည်းက Tan အနေနဲ့ မိဘတွေရဲ့ အတင်းအကျပ် စေခိုင်းမှုကြောင့် ပညာရေး တစ်ခုတည်းကိုသာ စိတ်ပါဝင်စားခြင်း မရှိပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ရပြီး အရွယ်ရောက်လာတဲ့ အခါမှာ ရှေ့နေဘဝကို ခံယူခဲ့ရပါတယ်။

ငယ်ရွယ်စဉ် အချိန်ကတည်းက မိဘတွေ လစ်ရင်လစ်သလို ဂိမ်းဆော့ခဲ့သူ တစ်ဦး ဖြစ်တာကြောင့် အသက်အရွယ် ကြီးမြင့် လာခဲ့ပေမယ့်လည်း Tan ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဂိမ်မာပိုးကတော့ သေဆုံးသွားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ၁၉၉၈ ခုနှစ်မှာ မွေးရပ်မြေဖြစ်တဲ့ စင်ကာပူနိုင်ငံကို စွန့်ခွာပြီး တောင်ကိုရီးယားနိုင်ငံကို ပြောင်းရွေ့ကာ Esports ပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို စတင် ရောက်ရှိခဲ့စဉ် အချိန်တုန်းက Tan အနေနဲ့ ဟိုတယ်မှာ သွားရောက် တည်းခိုဖို့ အတွက် တတ်နိုင်ခြင်း မရှိခဲ့တာကြောင့် ဂိမ်းဆိုင်တွေမှာ ညအိပ် နေထိုင်ပြီး ဂိမ်းကစားရာမှာ အသုံးပြုတဲ့ အသုံးအဆောင် ပစ္စည်းတွေ (Eg. Keyboards, Mouses) ၊ ဂိမ်မာတွေ အတွက် အဓိက လိုအပ်နိုင်မယ့် အချက်အလက်တွေကို ဂရုတစိုက် လေ့လာခဲ့ပါတယ်။

အခုလို ဂိမ်းဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝင်ရောက် လေ့လာရင်း Tan အနေနဲ့ Game တစ်မျိုးမျိုးကို ပရိုဖက်ရှင်နယ်ကျကျ ဆော့ကစားရာမှာ Keyboard တွေ၊ Mouse တွေ ကောင်းမွန်ခြင်း ရှိမရှိက ဂိမ်မာတွေ အပေါ်မှာ များစွာသော အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သိရှိခဲ့ရပါတယ်။

ဒါကြောင့်လည်း Tan အနေနဲ့ အဆိုပါ အချက်အပေါ် အခြေခံပြီး Razer.Inc Gaming ကုမ္ပဏီကြီးကို စတင် တည်ထောင်ဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Razer.Inc ကို တည်ထောင်ရာမှာ Tan အနေနဲ့ တစ်ဦးတည်း ဦးစီးဦးဆောင် ပြုလုပ်ဖို့ အတွက် တတ်နိုင်ခဲ့ခြင်း မရှိတာကြောင့် Online First-Person Shooter ဂိမ်းတစ်မျိုးဖြစ်တဲ့ Quake ကို ဆော့ကစားရာကနေ ခင်မင်ခဲ့တဲ့ Robert Krakoff ကို ပူးတွဲ တည်ထောင်သူ အဖြစ် ပါဝင်ဖို့ အတွက် ကမ်းလှမ်းခဲ့ပါတယ်။

Robert Krakoff

Gaming နဲ့ ပတ်သတ်တဲ့ ကုမ္ပဏီကြီး တည်ထောင်ရာမှာ ဂိမ်းကစားရတာကို ကြိုက်နှစ်သက်သူ တစ်ဦးနဲ့အတူ ပူးတွဲ တည်ထောင်ခွင့် ရရှိခဲ့တာကလည်း Tan အတွက် အခွင့်အရေးကောင်း တစ်ခုကို ရရှိခဲ့တာ ဖြစ်တာလို့ ပြောလို့ရပါတယ်။

Tan နဲ့ Robert တို့ အနေနဲ့ Razer Inc ကုမ္ပဏီကို ၁၉၉၉ ခုနှစ်မှာ စတင် တည်ထောင်ဖြစ်ခဲ့ပြီး ကုမ္ပဏီ စတင်ချိန်မှာ ကမ္ဘာ့ပထမဆုံး Gaming Mouse ဖြစ်လာမယ့် Razer Boomslang ကို Razer ကုမ္ပဏီရဲ့ ပထမဦးဆုံး Product အဖြစ် နှစ်ဦးသား ကြိုးစားပြီး ဒီဇိုင်းရေးဆွဲကာ ရောင်းချခဲ့ကြပါတယ်။ ဂိမ်မာနှစ်ဦး ပူးတွဲ ဒီဇိုင်းရေးဆွဲခဲ့တဲ့ Mouse ဖြစ်တာနဲ့အညီ Razer Boomslang ကို ကမ္ဘာတစ်ဝှမ်းမှ ဂိမ်မာတွေ အနေနဲ့ အကြိုက်တွေ့ကာ တစ်ခဲနက် ဝယ်ယူ အားပေးခဲ့ကြပါတယ်။

Razer Boomslang

ပထမဆုံး Product မှာတင် ဂိမ်မာတွေကို အကြိုက်တွေ့စေခဲ့တာကြောင့် နောက်ပိုင်းမှာ Gaming Computer တွေ၊ Gaming Keyboard တွေ၊ Gaming Headphone တွေ၊ Gaming Mouse တွေ၊ Gaming Laptop၊ Gaming Smartphone တွေ မြောက်မြားစွာကို ဆက်လက် ထုတ်လုပ် ရောင်းချခဲ့ပြီး ယနေ့ခေတ် Gaming Industry မှာ ထိပ်သီး Brand တစ်ခု အဖြစ် ရပ်တည်နိုင်တဲ့ အထိ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကြပါတယ်။

Tan အနေနဲ့ လူငယ် ဂိမ်မာတွေ အတွက် ရည်ရွယ်ပြီး ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ် ရောင်းချနေပေမယ့် Razer Product တွေကို ဈေးပေါပေါနဲ့ ထုတ်လုပ် ရောင်းချဖို့ အတွက် စတင် ရောင်းချချိန်ကနေ ယခုအချိန်ထိ လုံးဝ စိတ်ကူးခြင်း မရှိခဲ့ပါဘူး။

Tan အနေနဲ့ အခုလို Razer ပစ္စည်းတွေ ဈေးကြီးရခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေကို စတင် ထုတ်လုပ်ခဲ့စဉ် အချိန်ကတည်းက ပထမတန်းနိုင်ငံတွေမှာ နေထိုင်လျက် ရှိကြတဲ့ အဆင့်မြင့် ဂိမ်မာတွေ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ ကျွန်တော် Razer ကို စတင် တည်ထောင်ခဲ့တာလည်း ပိုက်ဆံ အတွက် မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း ဂိမ်မာတစ်ဦးဖြစ်တယ်။

ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တယ်။ ဒါကြောင့်လည်း ဂိမ်းကစားရာမှာ အထောက်အကူဖြစ်စေမယ့် အကောင်းဆုံး Product တွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လုပ် ရောင်းချလျက်ရှိတဲ့ Product တွေမှာ အကောင်းဆုံး ပစ္စည်းတွေ၊ အကောင်းဆုံး နည်းပညာတွေကို အသုံးပြုထားတာကြောင့် အခုလို ဈေးကြီးနေရတာပဲ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ Tan တစ်ယောက် အသက် ၄၂ နှစ် ရှိနေခဲ့ပြီ ဖြစ်ပေမယ့်လည်း ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Apex Legneds ဂိမ်းကို ဆော့ကစားနေတုန်းပဲ ဖြစ်သလို Ultima IV, Civilization စတဲ့ နာမည်ကျော်ကြား လူကြိုက်များတဲ့ ဂိမ်းတွေကိုလည်း ကစားနေစဲပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Tan အနေနဲ့ Razer.Inc ရဲ့ ထုတ်ကုန်များကို ပရိသတ်လက်ထဲ ချပြခြင်း မရှိခင် ကိုယ်တိုင်ကိုယ်ကျ အသုံးပြုကြည့်လေ့ ရှိသလို ကိုယ်တိုင် သဘောကျ နှစ်သက်မှသာ ဈေးကွက်ထဲကို ဖြန့်ချီလေ့ ရှိတယ်လို့ သိရပါတယ်။

Razer Phone

ဂိမ်မာတွေရဲ့ လိုအပ်ချက်တွေ အပေါ် ဂရုတစိုက် လေ့လာပြီး Razer.Inc ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Tan အနေနဲ့ Gaming ကွန်ပြူတာ လောကမှာ ထိပ်သီးကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာနဲ့အညီ Gaming စမတ်ဖုန်း လောကထဲကို ဝင်ရောက် အခြေချဖို့ စတင် ပြင်ဆင်လာခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ Razer Phone ကို စတင် မိတ်ဆက်ခြင်းနဲ့အတူ စမတ်ဖုန်းလောကထဲကို ဝင်ရောက်လို့ လာခဲ့ပါတယ်။

Razer Phone 2

Razer Phone ကို မိတ်ဆက်ပြီး တစ်နှစ်ခန့် အကြာမှာ Razer Phone 2 ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပြီး စမတ်ဖုန်း လောကထဲကို နယ်ချဲ့လို့ လာခဲ့ပါတယ်။ ဒါ့အပြင် မကြာခင် အချိန်အတွင်းမှာလည်း 5G နည်းပညာ ပါဝင်လာတဲ့ Razer Phone 3 ကို မိတ်ဆက်ပေးဖို့ အတွက် Tan တို့တစ်သိုက် ပြင်ဆက်လျက် ရှိတာကြောင့် သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ Razer.Inc အနေနဲ့ Computer လောကမှာ နည်းတူ စမတ်ဖုန်းလောကမှာလည်း အောင်မြင်မှုတွေကို ဆက်လက် သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AbacusNews