၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ၁.၈ ဘီလီယံ ရှာဖွေနိုင်ခဲ့တဲ့ Fortnite

၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ၁.၈ ဘီလီယံ ရှာဖွေနိုင်ခဲ့တဲ့ Fortnite

Fortnite ဆိုတာကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ Epic Games မှ ထုတ်လွှင့်ပေးခဲ့တဲ့ Battle အမျိုးအစား ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Fortnite ကို စတင် ထုတ်လွှင့်ပေးခဲ့စဉ် အချိန်ကတည်းက ပရိသတ် အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့သလို လူအကြိုက်အများဆုံး ဂိမ်းတွေအထဲမှာ တစ်ခုအပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ Epic Games အနေနဲ့ နာမည်ကျော် Fortnite ဂိမ်းကနေ တစ်ဆင့် ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ၁.၈ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့ကြောင်း သတင်း အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ အချက်အလက်များအရ Fortnite အနေနဲ့ ၂၀၁၉ ခုနှစ်ရဲ့ လူကြိုက်အများဆုံး အွန်လိုင်း ဗွီဒီယိုဂိမ်းစာရင်းမှာ ထိပ်သီးနေရာကနေ ပါဝင်နိုင်ခဲ့သလို ဗွီဒီယိုဂိမ်းကနေ တစ်ဆင့် ဝင်ငွေရရှိမှု အပိုင်းမှာလည်း ထိပ်သီးနေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို တစ်နှစ်အတွင်း ၁.၈ ဘီလီယံခန့် ရှာဖွေနိုင်ခဲ့တာ Fortnite အတွက်တော့ ပထမဆုံး အကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းကလည်း Fortnite အနေနဲ့ ဝင်ငွေ ၂.၄ ဘီလီယံခန့် ရရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ ဝင်ငွေက ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းခန့်တောင် နည်းပါးသွားခဲ့ပါတယ်။

လက်ရှိအချိန်မျာ Epic Games အနေနဲ့လည်း Fortnite ကို ယခုထက် ပိုပြီး လူဆော့များတဲ့ အွန်လိုင်းဗွီဒီယို တစ်ခုအဖြစ် ရပ်တည်နိုင်စေရန် အတွက် နိုင်ငံတကာ နေရာအနှံ့မှာ ပြိုင်ပွဲတွေ ကျင်းပသွားဖို့ စီစဉ်နေပြီ ဖြစ်သလို၊ ပရိသတ်တွေ Fortnite ဗွီဒီယိုဂိမ်းအပေါ် ရိုးအီသွားခြင်း မရှိစေဖို့ အတွက် အပတ်တိုင်း Update အသစ်တွေ ထုတ်လွှတ်ပေးလျက် ရှိပါတယ်။

ဒါ့အပြင် နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ပုံစံအတိုင်း ပြုလုပ်ထားတဲ့ Skin တွေ၊ အဆိုပါ သရုပ်ဆောင်တွေ ရုပ်ရှင်အတွင်းမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကိုလည်း Fortnite ဂိမ်းမှာ ဝယ်ယူရရှိနိုင် ဆောင်ရွက်ပေးလျက် ရှိတာကြောင့် ၂၀၂၀ ခုနှစ်မှာ Fortnite အနေနဲ့ ၂၀၁၉ ခုနှစ်ထက် ပိုတဲ့ ဝင်ငွေ တစ်ခုကို ရှရှိသွားအောင် စွမ်းဆောင်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports