Esports လောကထဲကို ထပ်မံ ဝင်ရောက်လာခဲ့တဲ့ နာမည်ကျော် ဘောလုံးစတား ဂါရက်ဘေး

Esports လောကထဲကို ထပ်မံ ဝင်ရောက်လာခဲ့တဲ့ နာမည်ကျော် ဘောလုံးစတား ဂါရက်ဘေး

Esports လောက အနေနဲ့ ယခုနှစ်ပိုင်း အတွင်းမှာ အရှိန်အဟုန်မြင့် တိုးတက် ပြောင်းလဲလာခြင်းနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ဘောလုံးအသင်းတွေ၊ နာမည်ကျော် ဘောလုံး ကစားသမားတွေ အနေနဲ့လည်း Esports လောက အတွင်းကို ဝင်ရောက်လို့ လာခဲ့ပါတယ်။

Grizi Esports

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ဘာစီလိုနာစတား ဂရစ်ဇ်မန်း တစ်ယောက် ကိုယ်ပိုင် Esports အဖွဲ့အစည်းဖြစ်တဲ့ Grizi Esports ကို တည်ထောင်ခဲ့သလို ယခုအခါမှာတော့ ရီးရဲမက်ဒရစ် အသင်းရဲ့ နာမည်ကျော် ကစားသမားဖြစ်သူ ဂါရက်ဘေး အနေနဲ့လည်း Esports ‌လောကထဲကို ဝင်ရောက်လို့ လာခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Ellevens Esports အဖွဲ့အစည်းကို တည်‌ထောင်လိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး Bale ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ဘောလုံးအားကစားနဲ့ Esports အကြားမှာ တူညီချက်တွေ‌ ရှိပါတယ်။ ကစားနည်း နှစ်ခုလုံးမှာ အောင်မြင်ဖို့ အတွက် ပေးဆပ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ လိုအပ်ပါတယ်။ အခုဆိုရင် Ellevens လက်အောက်ခံ Esports အသင်းတွေ ဖွဲ့စည်းနိုင်ဖို့ အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်။

အရည်အချင်းရှိတဲ့ ကစားသမားတွေကို ရှာဖွေရတာ ကျွန်တော့် အတွက်တော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကိစ္စ တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း ကိုယ်စားပြု FIFA အသင်းမှာ ဝင်ရောက် ကစားပေးဖို့ အတွက် စိတ်တိုင်းကျ ကစားသမားတွေကို ရွေးချယ်နိုင်ခဲ့တဲ့ အတွက်လည်း တကယ်ကို စိတ်ကျေနပ်မိပါတယ်။”

Bale အနေနဲ့ ကိုယ်ပိုင် Esports အဖွဲ့အစည်းဖြစ်တဲ့ Ellevens Esports အဖွဲ့အစည်းကို 38 Entertainment Group နဲ့ ပူးတွဲ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဖွဲ့အစည်း လက်အောက်မှာ FIFA အသင်း တစ်သင်းသာ ရှိအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နာမည်ကျော် Esports အမျိုးအစားတွေဖြစ်တဲ့ Dota2, LoL, CS:GO တို့ကို အားပေးတဲ့ ပရိသတ် အင်အားက တဖြည်းဖြည်းနဲ့ ပိုမို များပြားလာခဲ့ပြီ ဖြစ်သလို ဆုကြေးငွေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာပြီ ဖြစ်တာကြောင့် Ellevens Esports အဖွဲ့အစည်း အနေနဲ့ သိပ်မကြာခင် အချိန်အတွင်းမှာ Dota2, LoL, CS:GO အသင်းတွေကို ထပ်မံ ဖွဲ့စည်းသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports