Lowkey Esports အဖွဲ့အစည်းကို လူလိမ်များဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တဲ့ Dota 2 ကစားသမား Flysolo

Lowkey Esports အဖွဲ့အစည်းကို လူလိမ်များဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တဲ့ Dota 2 ကစားသမား Flysolo

Lowkey Esports ဆိုတာကတော့ အမေရိကန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှစ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Lowkey Esports အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု PUBG အသင်း၊ Rocket League အသင်း၊ Fortnite အသင်း၊ Paladins အသင်းတို့ဖြင့် သက်ဆိုင်ရာ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်လျက် ရှိပါတယ်။

Lowkey Esports အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ၉ လပိုင်းမှာ ဖိလစ်ပိုင် နိုင်ငံသားတွေဖြင့် ဖွဲ့စည်းထားတဲ့ Dota 2 အသင်းကို ခေါ်ယူပြီး Dota 2 လောကထဲကို ဝင်ရောက် လာခဲ့ပေမယ့် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ၂၀၂၀ ခုနှစ်၊ ၂ လပိုင်းမှာ Dota 2 အသင်းကို ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။

ယခုအခါမှာတော့ Lowkey Dota 2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ SEA Dota 2 လောကရဲ့ နာမည်ကျော် Support ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Flysolo အနေနဲ့ Lowkey Esports အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေကို တရားဝင် ချပြသွားခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော် အကျင့်မကောင်းတဲ့ Esports အဖွဲ့အစည်း အများစု လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် တစ်ခါမှ လူအများ သိရှိအောင် ချပြခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Lowkey Esports ရဲ့ လုပ်ရပ်တွေက တကယ်ကို တရားလွန်တာကြောင့် အခုလို လူအများသိရှိအောင် ချပြရခြင်းပဲ ဖြစ်ပါတယ်။

Lowkey Esports အဖွဲ့အစည်း အနေနဲ့ ကျွန်တော်တို့ Dota 2 ကစားသမားတွေကို ပေးချရမယ့် လုပ်ခ လစာငွေကို ယခုအချိန်ထိ ပေးချေခြင်း မရှိသေးပါဘူး။ သူတို့တွေရဲ့ ကတိစားကို ယုံကြည်ပြီး စောင့်ခဲ့ကြပေမယ့် အခုဆိုရင် အချိန်ကာလ (၄) လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ရသင့်ရထိုက်တဲ့ လစာငွေကို ရရှိခြင်း မရှိသေးပါဘူး။ Lowkey အဖွဲ့အစည်းနဲ့ စတင် တွေ့ရှိခဲ့စဥ် အချိန်တုန်းကတော့ သူတို့အဖွဲ့အစည်းကို တကယ်ကို နည်းစနစ်ကျတဲ့ အဖွဲ့အစည်းလို့ ထင်မြင်ခဲ့မိပါတယ်။

Flysolo

ဒါကြောင့်လည်း အသင်းအတွက် လိုအပ်တဲ့ ကွန်ပြူတာတွေ ဝယ်ယူရာမှာ ကျွန်တော်နဲ့ အသင်းရဲ့ မန်နေဂျာဖြစ်သူ Klo တို့ အိတ်စိုက်ပြီး ဝယ်ပေးခဲ့ကြပါတယ်။ Lowkey Esprorts ဘက်က ကျွန်တော်တို့ စိုက်ထားတဲ့ ပိုက်ဆံကို ပြန်ပေးမယ်လို့ ပြောခဲ့ပေမယ့် ပြန်လည် ပေးချေခဲ့ခြင်း မရှိသလို ရသင့်ရထိုက်တဲ့ လစာငွေကိုလည်း ပေးချေခဲ့ခြင်း မရှိပါဘူး။

အဲဒီအတွက်လည်း Lowkey Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ကြတဲ့ ကစားသမားတွေနဲ့ မန်နေဂျာဖြစ်သူ Klo တို့ကို ကျွန်တော် အထူးပင် တောင်းပန်ချင်ပါတယ်။ Lowkey Dota 2 အဖွဲ့သားတွေ အားလုံး ရှေ့ဆက်မယ့် ဘဝ ခရီးလမ်းမှာ အဆင်ပြေစေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။”

Klo

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များ အရ Lowkey Esports အနေနဲ့ Dota 2 အသင်း တစ်သင်းတည်း အပေါ် လစာငွေ ပေးချေဖို့ ကျန်ရှိနေတာ မဟုတ်ဘူးလို့ သိရပါတယ်။ အဖွဲ့အစည်း လက်အောက်ခံ PUBG အသင်း၊ Dragon Ball Fighter Z အသင်း၊ Rainbow 6 Siege အသင်း၊ Rocket League အသင်း၊ CS:GO အသင်း၊ Overwatch အသင်း၊ LoL အသင်းတို့ကိုလည်း လစာငွေ ပေးချေရန် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် TheScoreEsports မှ ထုတ်ပြန် ကြေငြာချက်များအရ Lowkey Esports အဖွဲ့အစည်း အနေနဲ့ ကစားသမားတွေ အ‌ပေါ် လုပ်ခလစာငွေ ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ပေးချေရန် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် Lowkey Esports အဖွဲ့အစည်း အနေနဲ့ ယခု ဖြစ်ရပ်များနဲ့ ပတ်သတ်ပြီး ဘယ်လို ဖြေရှင်းပေးသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming