ပြောင်းရွေ့ကြေး စိတ်ကြိုက် သတ်မှတ်နိုင်ဖို့ အတွက် ချက်လက်မှတ် အလွတ်ဖြင့် ကမ်းလှမ်းခံခဲ့ရတဲ့ LoL စတား Faker

ပြောင်းရွေ့ကြေး စိတ်ကြိုက် သတ်မှတ်နိုင်ဖို့ အတွက် ချက်လက်မှတ် အလွတ်ဖြင့် ကမ်းလှမ်းခံခဲ့ရတဲ့ LoL စတား Faker

League of Legends လောကရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ Lee “Faker” Sang Hyeok တစ်ယောက် သူ့အနေနဲ့ လုံးဝ မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှု နှစ်ခုကို 2020 LoL ရာသီ မစတင်ခင် အချိန်မှာ ရရှိခဲ့ကြောင်း နာမည်ကျော် Korean Talk Show အစီအစဉ်တစ်ခုဖြစ်တဲ့ Radio Star မှာ ပြောကြားသွားခဲ့ပါတယ်။

Faker ရဲ့ ပြောကြားချက်များအရ သူ့ဆီကို LPL ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကစားလျက်ရှိတဲ့ တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းတစ်သင်း အနေနဲ့ အသင်းမှာ ဝင်ရောက် ကစားပေးဖို့ အတွက် ဒေါ်လာ ၁၀ သန်းတန် စာချုပ်ဖြင့် ကမ်းလှမ်းခဲ့သလို LCS ပြိုင်ပွဲမှာ ဝင်ရောက် ကစားလျက်ရှိတဲ့ မြောက်အမေရိက အခြေစိုက် LoL အသင်း တစ်သင်းကလည်း ပြောင်းရွေ့ကြေး စိတ်ကြိုက် သတ်မှတ်နိုင်စေဖို့ အတွက် ချက်လက်မှတ် အလွတ် တစ်ရွက်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Faker အနေနဲ့ ၂၀၁၉ LoL ရာသီ ကုန်ဆုံးချိန်မှာ နာမည်ကျော် LoL အသင်း SK Telecom T1 အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အခုလို အခြားသော LoL အသင်းတွေ အနေနဲ့ မက်လောက်စရာ ငွေကြေးတွေနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Faker ကတော့ အဆိုပါ ကမ်းလှမ်းချက်တွေကို ပယ်ချပစ်ခဲ့ပြီး SK Telecom T1 အသင်းနဲ့သာ ၂ နှစ်တာ သက်တမ်းတိုး စာချုပ်ကို ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။

အခုလို အသင်းသစ်တွေရဲ့ ကမ်းလှမ်းခဲ့ရခြင်းရဲ့ အဓိက အကြောင်းပြချက်ကတော့ Faker ကို အားပေးလျက်ရှိတဲ့ ကိုရီးယားဖန်တွေကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် အခုလို ကမ်းလှမ်းမှုတွေကို ပယ်ချပစ်ခဲ့ရတာဖြစ်ကြောင်း၊ မွေးရပ်မြေ ကိုရီးယားနိုင်ငံမှာ နေထိုင်ရခြင်းက သူ့အတွက် ပိုမို အဆင်ပြေစေမယ်လို့ ထင်မှတ်တာကြောင့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ရတာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Faker အနေနဲ့ ချက်လက်မှတ် အလွတ်တစ်ရွက် ကမ်းလှမ်းခြင်း ခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ LoL လောက အတွင်းမှာတော့ ထင်မြင်ယူဆချက်ပေါင်း များစွာ ထွက်ပေါ်လျက်ရှိပြီး မြောက်အမေရိ အခြေစိုက် နာမည်ကျော် LoL အသင်းတွေဖြစ်တဲ့ Team Liquid, Team SoloMid, Cloud9 တို့အထဲက တစ်သင်းသင်း အနေနဲ့ အခုလို ကမ်းလှမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေကတော့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အခုလို ကစားသမား အများစု အနေနဲ့ ငြင်းပယ်နိုင်ဖွယ် မရှိတဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပြီး SK Telecom T1 အသင်းမှာသာ ဆက်လက် ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ Faker တစ်ယောက် ဖေဖော်ဝါရီလ အတွင်းမှာ ကျင်းပသွားမယ့် LCK ပြိုင်ပွဲမှာ SKT အသင်းနဲ့ အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ပြီး 2020 LoL World Championship ပြိုင်ပွဲကြီးမှာလည်း ချန်ပီယံဆုကို ရယူနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports, DotEsports