ပြင်သစ်နိုင်ငံမှာ FIFA Ultimate Team နဲ့ ပတ်သတ်ပြီး တရားစွဲခံထားရတဲ့ EA

ပြင်သစ်နိုင်ငံမှာ FIFA Ultimate Team နဲ့ ပတ်သတ်ပြီး တရားစွဲခံထားရတဲ့ EA

Eletronic Arts (EA) လို့ လူသိများတဲ့ နာမည်ကျော် ဗွီဒီယိုဂိမ်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးကတော့ Sports အမျိုးအစား ဂိမ်းတွေထဲမှာ လူကြိုက်များတဲ့ FIFA ဗွီဒီယိုဂိမ်း စီးရီးတွေ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ FIFA Ultimate Team နဲ့ ပတ်သတ်ပြီး ပြင်သစ်နိုင်ငံမှာ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် ရှေ့နေတွေ ဖြစ်ကြတဲ့ Karim Morand Lahouazi နဲ့ Victor Zagury တို့ အနေနဲ့ EA က ထုတ်လုပ် ဖြန့်ချီလျက်ရှိတဲ့ FIFA Ulitmate Team မှာ ဝယ်ယူလို့ရတဲ့ Loot Boxes တွေ အတွက် တရားမဝင် လောင်းကစား နည်းလမ်းတွေ အသုံးပြုထားတယ်ဆိုပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

FUT (FIFA Ultimate Team) မှာ ပါဝင်တဲ့ Loot Boxes ဆိုတာကတော့ ငွေကြေး ပေးချေပြီး နာမည်ကျော် ကစားသမားတွေကို ကံစမ်းလို့ရတဲ့ ကစားနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ Zagury ရဲ့ ပြောကြားချက်များအရ သူ့ဆီကို အမှုအပ်နှံခဲ့တဲ့ အမှုသည် အနေနဲ့ ပြီးခဲ့တဲ့ ၅ လအတွင်း Loot Boxers တွေ ဝယ်ယူဖို့ အတွက် စတာလင်ပေါင် ၆၀၀ ခန့် အသုံးပြုခဲ့ပေမယ့် နာမည်ကျော် ကစားသမား တစ်ဦးတောင် ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Zagury ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ကတော့ Loot Boxes တွေ အတွက် Coding ပိုင်းမှာ EA အနေနဲ့ Online လောင်းကစားနည်းတွေမှာ အသုံးပြုလေ့ရှိတဲ့ Algorithm ကို အသုံးပြုထားတယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုဆိုမှသာ FUT ကစားသူတွေ အနေနဲ့ လိုချင်တဲ့ ကစားသမားကောင်းတွေ မရလေလေ Loot Boxes တွေ အတွက် ပိုက်ဆံ ပိုသုံးလေ ဖြစ်လာမှာလေ။”

ဒါ့အပြင် Zagury အနေနဲ့ အခုလို Loot Boxes တွေကို ရောင်းစားမယ့် အစား FUT ကို ကစားသူတွေရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး၊ ဒါမှမဟုတ် Quest ပြီးမြောက်မှု အပေါ် မူတည်ပြီး ပေးသွားသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Zagury နဲ့ Lahouazi တို့ရဲ့ တင်ပြချက်က စဥ်းစားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းမွန်တဲ့ တင်ပြချက် တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နာမည်ကျော် Online Games အများစု အနေနဲ့ ကံစမ်းမဲဆန်ဆန် နည်းလမ်းတွေကို အသုံးပြုပြီး ကစားသူတွေရဲ့ ပိုက်ဆံကို မရမက ညှစ်ယူနေကြတာကြောင့် Zagury နဲ့ Lahouazi တို့ရဲ့ တင်ပြချက် အတိုင်း Online Games အများစု အနေနဲ့ မဝေးတော့တဲ့ အနာဂတ်မှာ အကောင်အတည် ဖော်သွားမလား ဒါမှမဟုတ် ယခု အမှုမှာလည်း နာမည်ကျော် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ EA ကပဲ အလွယ်တကူ အနိုင်ယူသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports