Sea Games အကြို Esports ပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့တဲ့ ဖိလစ်ပိုင် Esports အသင်းများ

Sea Games အကြို Esports ပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့တဲ့ ဖိလစ်ပိုင် Esports အသင်းများ

အကြိမ် (၃၀) မြောက် Sea Games ပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ (၃၀) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၁) ရက်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင် (၂၀၁၉) Sea Games ဟာဆိုရင် ပထမဆုံး အကြိမ် Esports ပြိုင်ပွဲများ ပါဝင်လာတဲ့ Sea Games ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲမှာ Dota 2, Starcraft 2, Tekken 7, Arena of Valor, Mobile Legends: Bang Bang စတဲ့ Esports ဂိမ်းအမျိုးအစားတွေ အတွက် ဆုတံဆိပ်တွေကို ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အနေနဲ့လည်း အခုလို Esports ဂိမ်းအမျိုးအစားတွေ ပါဝင်လာတဲ့ ပထမဆုံး Sea Games ပြိုင်ပွဲကြီးကို အမှားအယွင်းမရှိ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ Esports ပြိုင်ပွဲများကို လက်ခံကျင်းပသွားမယ့် San Juan မြို့တော်၊ Filoil Flying V Centre မှာ နိုင်ငံ လေးနိုင်ငံ ကိုယ်စားပြု Esports အသင်းတွေကို ဖိတ်ကြားပြီး အစမ်း ပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။

Sea Games အကြို Esports ပြိုင်ပွဲအတွက် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီရှားနိုင်ငံ ကိုယ်စားပြု Esports အသင်းတွေကို ဖိတ်ကြားခဲ့ပြီး Tekken 7, Dota 2, Mobile Legends: Bang Bang စတဲ့ ဂိမ်းအမျိုးအစားတွေကို စမ်းသပ် ယှဉ်ပြိုင်ခိုင်းခဲ့ပါတယ်။

Sea Games အကြို Esports ပြိုင်ပွဲရဲ့ Tekken 7 ပထမနေရာ လုပွဲမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Andreij “Doujin” Albar အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု Muhammad “MEAT” Jusuf ကိုအနိုင်ယူပြီး ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Dota 2 ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းအနေနဲ့ မလေးရှားနိုင်ငံ ကိုယ်စားပြု Dota 2 အသင်းကို ဗိုလ်လုပွဲမှာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပထမဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Mobile Legends: Bang Bang ပြိုင်ပွဲမှာလည်း ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ML အသင်းက ဒေသတွင်း အင်အားကြီး အသင်းတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု ML အသင်းကို ဗိုလ်လုပွဲမှာ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

ဖိလစ်ပိုင် (၂၀၁၉) Sea Games အကြို Esports ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Esports အသင်းတွေ အနေနဲ့ ပြိုင်ပွဲသုံးခုလုံးမှာ အနိုင်ယူနိုင်ခဲ့တဲ့ အတွက် ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲမှာလည်း နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေ စွတ်ခူးပေးနိုင်ဖို့ အတွက် ရေပန်းစားလျက် ရှိပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင် (၂၀၁၉) Sea Games အကြို Esports ပြိုင်ပွဲတွေကို လာရောက် ကြည့်ရှုခဲ့သူ ပရိသတ်တွေကိုလည်း Mobile Legends: Bang Bang မှာ Diamonds (50) ရယူနိုင်မယ့် Gift Voucher တွေပေးအပ်ခဲ့ပါတယ်။

အခုဆိုရင် ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲကြီး စတင်ဖို့လည်း (၁) လခန့်သာ လိုအပ်တော့တာ ဖြစ်တာကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ ရွှေတံဆိပ်ဆုတွေ သိမ်းပိုက်ပြီး နိုင်ငံဂုဏ်ဆောင်နိုင်မလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports