Counter Strike လောကရဲ့ နာမည်ကျော် မြေပုံဖြစ်တဲ့ Dust 2 ကို Fortnite မှာ ကစားခွင့် ရရှိတော့မည်

Counter Strike လောကရဲ့ နာမည်ကျော် မြေပုံဖြစ်တဲ့ Dust 2 ကို Fortnite မှာ ကစားခွင့် ရရှိတော့မည်

Counter Strike လောကမှာ မသိသူ မရှိသလောက်ကို နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မြေပုံတစ်ခုဖြစ်တဲ့ Dust 2 ကို Fortnite မှာလည်း မကြာခင် အချိန်အတွင်း ကစားနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Fortine အတွက် Dust 2 မြေပုံကို Fortnite Creative Map Makers အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Team Evolve မှ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Team Evolve အနေနဲ့ Fortnite အတွက် Dust 2 မြေပုံကို ဖန်တီးရာမှာ Fortnite ရဲ့ အခြားသော မြေပုံတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ အရောင်တောက်တောက်ကြီးတွေကို အသုံးပြုထားခြင်း မရှိဘဲ မူလ လက်ဟောင်း Counter Strike ရဲ့ Dust 2 မြေပုံ ပုံစံအတိုင်း ကြိုးစားဖန်တီးခဲ့ပါတယ်။

ဒါပေမယ့်လည်း Counter Strike မှာ First Person Shooter ပုံစံဖြင့် ကစားရမှာ ဖြစ်ပေမယ့် Fortnite မှာတော့ Third Person Shooter ပုံစံဖြင့်သာ ကစားခွင့် ရရှိမှာ ဖြစ်သလို Counter Strike မှာ တစ်ဖက်လျှင် ကစားသမား ငါးဦးသာ ပါဝင်ပေမယ့် Fortnite မှာတော့ တစ်ဖက်ကို ကစားသမား ရှစ်ဦး ပါဝင် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Dust 2 မြေပုံကို Fortnite မှာ အသစ်ထွက်ရှိလာတဲ့ Search and Destroy Mode ကနေ တစ်ဆင့် ကစားနိုင်မှာ ဖြစ်ပါတယ်။ Search and Destroy Mode ဆိုတာကတော့ Counter Strike ကစားနည်းနဲ့ တူညီတဲ့ Mode တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Counter Strike မှာ လက်နက်တွေ ဝယ်ချင်တယ်ဆိုရင် Buy Key ကို နှိပ်ပြီးမှသာ ဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် Fortnite ရဲ့ Search and Destroy Mode မှာတော့ နံရံပေါ်မှာ ပြသထားတဲ့ လက်နက်တွေထဲက နှစ်သက်ရာ လက်နက်ကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ Counter Strike ကစားရတာကို ကြိုက်နှစ်သက်တယ် ဒါပေမယ့် လက်ရှိအချိန်မှာ လူငယ်တွေ အကြား ခေတ်စားလျက်ရှိတဲ့ Fortnite ကိုလည်း စမ်းကစားကြည့်ချင်တယ် ဆိုရင်တော့ Search and Destroy Mode အထဲက Dust 2 မြေပုံကို ရွေးချယ်ပြီး Fortnite ကို စမ်းသပ် ကစားကြည့်ဖို့ ဒီနေရာကနေ အကြံပေးလိုက်ပါရစေ။

REF: AfkGaming, OneEsports