Dota Underlords Season 1 ကို ဖေဖော်ဝါရီလ အတွင်း မြင်တွေ့ရတော့မည်

Dota Underlords Season 1 ကို ဖေဖော်ဝါရီလ အတွင်း မြင်တွေ့ရတော့မည်

Valve အနေနဲ့ Dota Underlords Beta Season ကို မကြာခင် အချိန်အတွင်း ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကြေငြာသွားခဲ့သလို ဖေဖော်ဝါရီလ အတွင်းမှာ Dota Underlords Season 1 ကို စတင်သွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Dota Underlords Season 1 မှာ Battle Pass, City Crawl စတဲ့ Feature တွေ ပါဝင်လာမှာဖြစ်တဲ့အပြင် UI ပိုင်းဆိုင်ရာ အပြောင်းအလဲ အချို့ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Season 1 မစတင်ခင် အချိန်အတွင်းမှာ နောက်ဆုံး Underlord ဖြစ်တဲ့ Enno (King of the Warrens) ကို ထုတ်လွှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Valve အနေနဲ့ Dota 2 အတွင်း Arcade Mode မှာ ပါဝင်လာခဲ့တဲ့ Dota Auto Chess ကစားနည်းကို Dota 2 ပရိသတ် အများစု အနေနဲ့ ကြိုက်နှစ်သက်ခဲ့ကြတာကြောင့် ကိုယ်ပိုင် Dota Auto Chess ဗားရှင်းဖြစ်တဲ့ Dota Underlords ကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စမ်းသပ်အဆင့် (Beta) အဖြစ် ထုတ်လွှတ်ပေးခဲ့ပါတယ်။

စတင်ထုတ်လွှတ်ပေးခဲ့တဲ့ အချိန်က စတင်ပြီး ယခုအချိန်အထိ အသစ်အသစ်သော Update တွေ၊ Error ဖြေရှင်းမှုတွေကို လစဉ်၊ အပတ်စဉ် ပြုလုပ်ပေးခဲ့ပြီး Dota Underlords ကို ပရိသတ်အကြား ရေပန်းစားလာအောင် ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ Underlord နှစ်ယောက်ဖြစ်တဲ့ Annessix (The Mistress of Secrets) နဲ့ Hobgen (The Arson Aficionado) တို့ကို ထုတ်လွှတ်ပေးခဲ့ပါတယ်။

Valve အနေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ Dota Artifact ကို ထုတ်လုပ်ခဲ့ပေမယ့် ထင်မှတ်မထားလောက်အောင် လူကြိုက်နည်းပါးခဲ့ပြီး လက်ရှိအချိန်မှာ Dota Artifact အနေနဲ့ ဆော့ကစားသူ မရှိသလောက် အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် Dota Underlords မှာလည်း ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်ရခြင်း မရှိအောင် လပေါင်းများစွာ စမ်းသပ်ကာလဖြင့် ကြိုတင်ပြင်ဆင်ခဲ့ပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့ပါတယ်။

Magic Chess: Bang Bang

ယခုအခါမှာတော့ Dota Underlords ကို စမ်းသပ်ကာလကနေ ရပ်ဆိုင်းပြီး တရားဝင် Season 1 ကို ဖေဖော်ဝါရီလ အတွင်း စတင်သွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီ ဖြစ်တာကြောင့် Moonton ရဲ့ Magic Chess Bang Bang, Riot Games ရဲ့ Team Fight Tactics တို့ကို နောက်ကောက်ချနိုင်ပြီး စျေးကွက်အတွင်း အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ ဂိမ်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports