Dota Summit 11 ပြိုင်ပွဲကြီး စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရပြီဖြစ်တဲ့ Ad Finem နဲ့ Pain Gaming

Dota Summit 11 ပြိုင်ပွဲကြီး စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရပြီဖြစ်တဲ့ Ad Finem နဲ့ Pain Gaming

Dota Summit 11 ဆိုတာကတော့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ Dota Summit 11 Minor ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လော့စ်အိန်ဂျလစ် (Los Angeles) မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ (၃) သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Dota Summit 11 ပြိုင်ပွဲမှာ ဒေသတွင်း လက်ရည်စစ်ပွဲတွေကနေ တစ်ဆင့် တက်ရောက်လာခဲ့တဲ့ Jfshfh178, Hell Raisers, Ninjas in Pyjamas, Ad Finem, Invictus Gaming, Geek Fam, Chaos Esports Club (Quincy Crew), Pain Gaming စတဲ့ အသင်းပေါင်း (၈) သင်း ပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အသင်း (၈) သင်းကို (၄) သင်း (၁) အုပ်စုနှုန်းဖြင့် စတင် ယှဉ်ပြိုင်ခိုင်းသွားမှာ ဖြစ်ပြီး အောက်ဆုံး အသင်း (၄) သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။ Dota Summit 11 ရဲ့ ပထမနေ့ ပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပလို့ ပြီးစီးသွားခဲ့တဲ့ အချိန်မှာတော့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်သွားရမယ့် အသင်းနှစ်သင်းကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ အသင်းနှစ်သင်းကတော့ အုပ်စုအေမှ Pain Gaming နဲ့ အုပ်စုဘီမှ Ad Finem တို့ပဲ ဖြစ်ပါတယ်။ Pain Gaming အနေနဲ့ အဖွင့်ပွဲစဉ်မှာ တရုတ်နိုင်ငံအခြေစိုက် အင်အားကြီး Dota 2 အသင်းတစ်ခုဖြစ်တဲ့ Invictus Gaming နဲ့ စတင် ယှဉ်ပြိုင်ခဲ့ရပြီး ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဒုတိယပွဲစဉ်မှာတော့ ပထမ ပွဲစဉ်မှာ Jfshfh178 အသင်းကို မရှုမလှ ရှုံးနိမ့်ထားတဲ့ Ninja in Pyjamas Dota 2 အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာလည်း NIP ကို ၂ ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် အခုဆိုရင် Dota Summit 11 ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာလို့ သွားခဲ့ရပြီ ဖြစ်ပါတယ်။

Pain Gaming နည်းတူ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတဲ့ နောက်ထပ် အသင်းတစ်သင်းကတော့ ပရိသတ်တွေ အကြားမှာ နာမည်တစ်လုံးနဲ့ တစ်ချိန်တုန်းက ရပ်တည်နိုင်ခဲ့ပြီး ဂရိနိုင်ငံသား ကစားသမား ငါးဦးနဲ့ ဖွဲ့စည်းထားတဲ့ Ad Finem ပဲဖြစ်ပါတယ်။ Ad Finem အနေနဲ့ လက်ရှိပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ကစားသမား ငါးဦးနဲ့အတူ ၂၀၁၆ ခုနှစ်တုန်းက ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုတွေကို ခံယူနိုင်ခဲ့သလို အောင်မြင်မှု အနည်းအကျဉ်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှ အခြေစိုက် Geek Fam Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို Dota Summit 11 ပြိုင်ပွဲကို အစားထိုး ကစားသမား တစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ HellRaisers Dota 2 အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်တို့ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာလို့ သွားခဲ့ရပြီ ဖြစ်ပါတယ်။

မကြာမီ အချိန်အတွင်းမှာ Dota Summit 11 ရဲ့ ဒုတိယနေ့ ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် ယနေ့မှာတော့ ဘယ်အသင်းတွေ အနေနဲ့ Ad Finem နဲ့ Pain Gaming တို့သွားရာလမ်းကို ဆက်လက် လျှောက်လှမ်းသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF: VpEsports