ကစားသမားအသစ် နှစ်ဦးကို ထပ်မံခေါ်ယူပြီး CSGO အသင်းကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့ Complexity Gaming

ကစားသမားအသစ် နှစ်ဦးကို ထပ်မံခေါ်ယူပြီး CSGO အသင်းကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့ Complexity Gaming

North America အခြေစိုက် Gaming အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Complexity Gaming အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘလ (၂၉) ရက်နေ့က အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Dephh ကိုအသင်းကနေ ထုတ်ပယ်လိုက်ပြီး နောက်ထပ် ကစားသမား တစ်ဦးဖြစ်သူ ShahZam ကို အစားထိုး ကစားသမားအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Dephh ဆိုတာကတော့ Complexity CSGO အသင်းနဲ့အတူ သုံးနှစ်ခန့် လက်တွဲခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ShahZam အနေနဲ့လည်း Complexity CSGO အသင်းနဲ့အတူ တစ်နှစ်ခန့် လက်တွဲခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Complexity CSGO အသင်း အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျင်းပခဲ့တဲ့ Berlin Major မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ ကစားသမားဟောင်းတွေကို ထုတ်ပယ်ပြီး အခုလို သွေးသစ်လောင်းဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာပဲ ဖြစ်ပါတယ်။

Complexity CSGO အသင်းအတွက် ထပ်မံ ဖြည့်တင်းလိုက်တဲ့ ကစားသမားတွေကတော့ k0nfig နဲ့ Poizon တို့ပဲ ဖြစ်ပါတယ်။ အသက် (၂၂) နှစ် အရွယ် ဒိန်းမတ်နိုင်ငံသား k0nfig ဆိုတာကတော့ CSGO ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲဖြစ်ပြီး Complexity CSGO အသင်းမှာ oBo နဲ့အတူ Main Fragger/ Rifler အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

k0nfig အနေနဲ့ Complexity CSGO အသင်းနဲ့ လက်မတွဲခင် အချိန်မှာ Copenhagen Wolves, Team Dignitas, North, Optic Gaming စတဲ့ အင်အားကြီး အသင်းတွေနဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Complexity CSGO အသင်းနဲ့အတူ ဘယ်လို အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

k0nfig နဲ့အတူ Complexity CSGO အသင်းကို ထပ်မံ ဝင်ရောက်လာတဲ့ နောက်ထပ် ကစားသမားကတော့ ဘူဂေးရီးယားနိုင်ငံသား အသက် (၂၀) အရွယ် Poizon ပဲဖြစ်ပါတယ်။ Poizon အနေနဲ့ (၂၀၁၇) ခုနှစ်မှာ ပရိုဖက်ရှင်နယ် CSGO လောကကို ဝင်ရောက်ခဲ့တာဖြစ်ပြီး BPro Gaming, Windigo စတဲ့ CSGO အသင်းတွေရဲ့ ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ Poizon အနေနဲ့ Complexity CSGO အသင်းမှာ AWPer အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Complexity CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • Owen “oBo” Schlatter
  • William “RUSH” Wierzba
  • Benjamin “blameF” Bremer
  • Kristian “K0nfig” Wienecke
  • Valentin “poison” Vasilev
  • Jamie “keity” Hall (Coach)

Complexity Esports အဖွဲ့အစည်း အနေနဲ့ အသစ် ဖွဲ့စည်းထားတဲ့ CSGO အသင်းနဲ့အတူ ရှေ့အပတ်ထဲမှာ ကျင်းပသွားမယ့် ESL Pro League Season (10) မှာဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပေမယ့်လည်း ကစားသမား အသစ်နှစ်ဦး အနေနဲ့ အခြားသော အသင်းတွေနဲ့ အတူ ယခု ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတာကြောင့် နောက်ရာသီမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုအခြေအနေက Complexity CSGO အသင်းအတွက် အဆိုးထဲက အကောင်းလို့ပဲ  ပြောရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ Complexity CSGO အသင်း အနေနဲ့ အသစ် ခေါ်ယူထားတဲ့ အသင်းသားတွေနဲ့ အသားကျအောင် လေ့ကျင့်ချိန် ပိုမိုရရှိသွားမှာ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတော့မှာ Complexity CSGO အသင်း အနေနဲ့ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခြင်း ရှိမရှိကို ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AFKGaming, VpEsports